၁.၁၂.၂၀၀၂
Written by Nay Aung

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များသည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခွဲထွက်ရေးလှုပ်ရှားမှုများကို လက်ခံမည်မဟုတ်ဘဲ နှစ်နိုင်ငံနယ်ခြားစောင့်အဖွဲ့များ နယ်စပ်ဒေသတစ်လျှောက်ကို ပူးတွဲကင်းလှည့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှာခီးအာမက်က ပြောသည်။

ဗိုလ်ချုပ် ရှာခီးအာမက်သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ အစည်းအဝေးနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ခဲ့ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးတွဲကင်းလှည့်မည့်အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှာခီးအာမက်က “ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB နဲ့ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP တို့ဟာ နှစ်နိုင်ငံ နယ်ခြားတစ်လျှောက်မှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် BGB နဲ့ BGP တပ်ဖွဲ့တွေဟာ ပူးတွဲကင်းလှည့်ဖို့လည်း သဘောတူညီခဲ့တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငါးရက်ကြာကျင်းပခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် သဘောတူညီချက် ၁၄ ချက်ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါသဘောတူညီချက်များထဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်သတင်းဖလှယ်မှုများဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့်၊ ဒေသကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဖက်သဘောတူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ် ကျင်းပပြုလုပ်ရန်၊ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်းပိတ်ဆို့တားဆီးနှိမ်နင်းရန် စသည့်အချက်များပါဝင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများကို ကြိုတင်တားဆီးကာကွယ်သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များ သဘောတူညီခဲ့ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးသဘောတူညီမှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *