-ဝက်လက်ပကဖများက ဗိုလ်ကျားကြီးအဖွဲ့ဝင်သုံးဦးကို သတ်ဖြတ်ထားပြီး ကိုယ်ဝန်သည် CDM ဆရာမတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးထား

၁. ၁၂. ၂၀၂၂
Written by Nay Moe

ဝက်လက်ဒေသခံတပ်ဖွဲ့တစ်ခုဖြစ်သည့် LPDF ဗိုလ်ကျားကြီးအဖွဲ့အား NUG ၏ ဩဇာခံအဖွဲ့အဖြစ် ထောက်ပံ့ပေးထားပြီး NUG ၏ Chain of Command တွင် ပါဝင်နေသည့် ဝက်လက်ပကဖအဖွဲ့က လိုက်လံတိုက်ခိုက်သတ်ဖြတ်မှုကို NUG ထံ တိုင်ကြားသော်လည်း အရေးမယူသဖြင့် ဒေသခံ LPDF အဖွဲ့ ၄၀ ခန့်က ဗိုလ်ကျားကြီးအဖွဲ့ကို လိုက်လံတိုက်ခိုက်သတ်ဖြတ်နေသည့် အန္တရာယ်များမှ ကာကွယ်မည်ပေးမည်ဟု NUG နှင့် ဝက်လက်ပကဖအား စိန်ခေါ်ချက် ထုတ်ပြန်လိုက်သည်။

ဝက်လက်မြို့နယ် ပကဖ၏ စေခိုင်းချက်အရ ဝက်လက်မြို့နယ် တပ်ရင်း (၂) သည် ဗိုလ်ကျားကြီးအဖွဲ့အား ဆက်ကြေးကောက်သည်ဟု အကြောင်းပြကာ ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးရန် ကြိုးစားရုံသာမက ဥပဒေမဲ့သတ်ဖြတ်ရန်လည်း ကြိုးစားခဲ့ကြောင်း မျက်မြင်သက်သေ ပြည်သူများစွာ၏ ထွက်ဆိုချက်အရ ကျွန်ုပ်တို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် သိရှိခဲ့ရသည်။

ဝက်လက်မြို့နယ် တပ်ရင်း (၂) မှာ ယခင်နှစ်တွင် တပ်အား တိုက်ခိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဝက်လက်မြို့နယ် ပကဖ၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးဖြင့် ခိုင်းစေချက်အရ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ကို ဝမ်းနည်းဖွယ်ရာ ကြားနာခဲ့ရသည်။

ထိုလုပ်ဆောင်ချက်နှင့်အတူ ဝက်လက်မြို့နယ် ပကဖမှ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့အား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ပြီး ၎င်းအားလက်ခံသည့် မည်သူ့ကိုမဆို အကြမ်းဖက်အားပေးဟု သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာခြင်းသည် NUG အစိုးရမှ ပေးအပ်သည့် တာဝန်ကို ကျော်လွန်ခြင်းဖြစ်ပြီး အာဏာအလွဲသုံးစားမှု ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များသည် ဤသိုသော လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချရုံသာမက နောက်နောင်တွင်လည်း ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့အား ၎င်းတို ရင်ဆိုင်ကြုံတွေ့လာရမည့် အန္တရာယ်မှ အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရားဝင် အသိပေးအပ်ပါသည်ဟု ဝက်လက်ဒေသခံ PDF အဖွဲ့ ၄၀ ခန့်က ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့အပြင် အများပြည်သူတို့ကို ထပ်လောင်းပြောဆိုလိုသည်မှာ ကျွန်ုပ်တို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များသည် ဤတော်လှန်ရေးအတွင်း ကျွန်ုပ်တို့၏ အသက်၊ သွေး၊ ချွေးနှင့် ဘဝကို ရင်းနှီးပြီး တပ်အား ခုခံတိုက်ခိုက်နေရသည်မှာ လွန်စွာ စိတ်ပင်ပန်း၊ ဆင်းရဲဒုက္ခ များလွန်းလှသည်။ သို့သော် ကျွန်ုပ်တို့သည် ယခုလို နောက်ကျောဓားထိုး ကာကွယ်ရေးတပ်ဖွဲ့ဝင် အချင်းချင်း မနာလို၊ မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းကို မည်သည့်အခါမျှ လက်ပိုက် ကြည့်နေမည် မဟုတ်ပေ။ သို့ဖြစ်ပါ၍ NUG အစိုးရမှ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေပြင်တွင် အသက်တစ်ချောင်းလျှင်ပင် အလွန်အရေးကြီးသည့်အတွက် အမှန်တရားကို ဥပေက္ခာမပြုဘဲ နစ်နာသူများကို ငဲ့ညှာသောအားဖြင့် ယခုလို ဆိုးရွားသည့် မတရားလုပ်ရပ်ကို အရေးယူရန်နှင့်နှင့် အကာအကွယ်မဲ့သူများကို အကာအကွယ်ပေးရန် တောင်းဆိုအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဝက်လက်ပကဖအဖွဲ့၏ ရာဇဝတ်မှုအား လိုက်လံစုံစမ်း အတည်ပြုနေသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သလို မျက်မြင်သက်သေ ပြည်သူများမှ သက်သေထွက်ဆိုချက်များကိုလည်း ရရှိထားပြီး NUG ကိုလည်း အကြောင်းကြား အသိပေးထားပြီး ဖြစ်သည်။

သို့သော်လည်း မြေပြင်တွင်မူ ဝက်လက်ဒေသခံပြည်သူများကိုယ်တိုင်မှ ဝက်လက်မြို့နယ် ပကဖနှင့် ဝက်လက်မြို့နယ် တပ်ရင်း (၂) တို့နှင့် နေထိုင်ရသည်မှာ လွန်စွာ ကျီးလန့်ဆန်စား ဖြစ်နေကြရသည်ဟု တင်ပြလာပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အနေနှင့် ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့အတွက် အမှန်တရား ပေါ်ပေါက်စေပြီး တရားမျှတမှု ရရှိစေရန် ယခုကဲ့သို့ အများပြည်သူများ သိရှိစေရန် ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်သည်ဟု ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ကျားကြီး အဖွဲ့အား ပြည်သူလူထုထံမှ ဆက်ကြေးကောက်ခံသည်ဟုဆိုကာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပကဖ- တပ်ရင်း (၂) အဖွဲ့က လိုက်လံတိုက်ခိုက်နေပြီး NUG ၏ ဩဇာခံ ထို PDF အဖွဲ့က သြဂုတ် ၃၁ ရက် မနက်ခင်း ၁၀ နာရီခွဲခန့် အချိန်တွင် ဗိုလ်ကျားကြီးအဖွဲ့အား လာရောက်ပစ်ခတ်ခဲ့ရာ ဗိုလ်ကျားကြီးအဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ပြီး အဖွဲ့ဝင်ငါးဦးဒဏ်ရာရ၍ အဖွဲ့ဝင် ခြောက်ဦးဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရသောအဖွဲ့ဝင်များတွင် CDMဝင်ထားသော ကိုယ်ဝန်ဆောင်ကျောင်းဆရာမ တစ်ဦးလည်းဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် စက်တင်ဘာ ၁ ရက်တွင် ဒဏ်ရာရ အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော အဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများကို နီးစပ်ရာတွင် မြှုပ်နှံခဲ့သဖြင့် အလောင်းပြန်မရရှိကြောင်း၊ ဗိုလ်ကျားကြီးအဖွဲ့မှ ဆိုင်ကယ် ၁၀ စီး ပိုက်ဆံ ၁၁သိန်း ဖုန်း၆လုံး အဖွဲ့ဝင်များ၏အသုံးဆောင်များဖြစ်သော ကျောပိုးအိတ်များကိုလည်းယူဆောင်သွားကြောင်း၊ ထိုကြောင့် NUG၊ ဦးရည်မွန်၊ ဒေါက်တာဆာဆာ၊ မင်းကိုနိုင်တို့အား တိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားစာပေးပို့ထားသော်လည်း တုံပြန်အရေးယူ ဆောင်ရွက်မှုမရှိသေးသဖြင့် ဗိုလ်ကျားကြီးအဖွဲ့မှာ တိမ်းရှောင်နေရပြီး ဗိုလ်ကျားကြီးအဖွဲ့၏ ထုတ်ပြန်ပြောကြားချက်များနှင့် ပတ်သက်ကာ Wetlet People’s Defence Force Battallion (2) အဖွဲ့အသုံးပြုသည့် Facebook Page အား ”ဗိုလ်ကျားကြီးအဖွဲ့က LPDF မို့လို NUG ဩဇာမခံလို NUG က ရှင်းလင်းခိုင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းထွက်နေတာက မှန်မမှန် သိပါရစေ” ဟု သွားရောက်မေးမြန်းရာ မေးခွန်းမေးမြန်းမှုကို တွေ့မြင်သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားမှုမရှိသေးဘဲ ပြန်လည်ဖြေကြားလာပါက သတင်းဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ထို့အတူ NUG ၏ ဩဇာခံ ဝက်လက်ပကဖနှင့် ဝက်လက်မြို့နယ် တပ်ရင်း (၂) တို့က ဗိုလ်ကျားကြီးအဖွဲ့အား တိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်ပေးမည်ဆိုခြင်းမှာ NUG နှင့် ဝက်လက်ပကဖ တို့အား ဒေသခံ LPDF တပ်များက စိန်ခေါ်သည့်အသွင် ဟုတ် မဟုတ် သတင်းထုတ်ပြန်သည့် GZ-Special Task Force အဖွဲ့အား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားလာပါက သတင်းထပ်မံ ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *