၁-၁၂-၂၀၂၂
Written by Naddy

(၇၅ )ကြိမ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးအကြိုအဖြစ် ကျင်းပသော စိန်ရတုလွတ်လပ်ရေး ပဒေသာကပွဲတွင် နိုင်ငံတော်မှ ရုပ်ရှင်အစည်းအရုံးသို့ ချီးမြှင့်ငွေ ကျပ်သိန်း ၁၅၀ အား ရုပ်ရှင်လောကသားများကို ပြန်လည်ခွဲဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းပွဲကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၁နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)၌ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် အသိပေးခဲ့ခြင်းဖြစ်သည်။

“၂၀၂၁ ခုနှစ်ကတည်းက အပြောင်းအလဲဖြစ်လာတဲ့အပေါ်မှာ လက်ရှိအစိုးရကနေပြီးတော့ သက်ကြီးပိုင်းတွေအတွက် သိန်း ၃၀၀ ကို လူဦးရေ ၃၀ စာ ၁၀ သိန်းလှူတာ တွေ့ရတယ်။ နိုင်ငံတော်အကြီးအကဲရယ်၊ ပြန်ကြားရေး‌တို့က ကျွန်တော်တို့ကို လှူပြန်ပါတယ်။၂၀၂၂ ခုနှစ်လည်း ထပ်လှူပြန်ပါတယ်။ ဒီကြားထဲ ဆန်၊ ဆီ၊ ဆား ပေးနိုင်ဖို့လည်း လုပ်ခဲ့တာပါ။ လွတ်လပ်ရေးအကြိုအဖြစ် ပြဇာတ်ကို ပထမ ရန်ကုန်မှာ ကပြဖို့ပါ။ ပွဲကပြဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် Zoom Meeting လုပ်ခဲ့ပါတယ်။ စိန်ရတုကပြခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးအတွက် သိန်း ၁၅၀ လှူပါတယ်။ ဒီငွေကြေးကို ဆန်ဆီဆားအပြင် လာရောက်ထုတ်ယူသူ‌တွေအားလုံးကို ငွေကျပ်သိန်း ၁၅၀ ကို အညီအမျှ ခွဲဝေပေးဖို့ စီစဉ်ထားပါတယ်”ဟု နာယက ဦးအောင်လွင်က ပြောသည်။

စိန်ရတုလွတ်လပ်ရေးပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ဟာသအစည်းအရုံးများမှ အနုပညာရှင်များ ဦးဆောင်ကပြခဲ့ကြရာ နိုင်ငံတော်အကြီးအကဲများမှ ပါဝင်ကပြခဲ့ကြသော ပညာသည် တစ်ဦးချင်းအတွက် ချီးမြှင့်ငွေများအား ပေးအပ်သည့်အပြင် ရုပ်ရှင်အစည်းအရုံးအတွက် ငွေကျပ်သိန်းတရာ့ငါးဆယ်အား ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရုပ်ရှင်အစည်းအရုံးအတွက် နိုင်ငံတော်မှချီးမြှင့်လာသည့် ၎င်းငွေအားလုံးကို ရုပ်ရှင်လောကသားအားလုံးအတွက် (၂၀၂၃)ခုနှစ် နှစ်ဆန်းတွင် ဆန်၊ ဆီ၊ ဆားဝေငှမည့်အပြင် ထောက်ပံ့ကြေးငွေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆန် ၊ဆီ၊ ဆား ဝေတာ ၁၀ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် ၁၁ ကြိမ်မြောက်ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ လှူဒါန်းသွားမှာပါ။ အစည်းအရုံးဝင်သက်တမ်းကို တိုးစေချင်တယ်။ ဒါမှ သာရေး နာရေးအစရှိတဲ့ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးနိုင်မှာပါ”ဟု ဒုတိယဥက္ကဌ ဦအေးကြူလေးက ပြောသည်။

ထောက်ပံ့မှုကို လာရောက်ထုတ်ယူသူ ခန့်မှန်းခြေ ၁၄၀၀ နှင့် ၁၅၀၀ ကြားရှိသည်။ ထို့ပြင် လစဉ် ၇၅ နှစ် အထက် ထောက်ပံ့ကြေးပေးသူ ၅၀ ရှိကြောင်း၊ ဆေးရုံတက်လျှင် ၁ သိန်း ၊ နာရေးဖြစ်လျှင် ကျပ် ၁ သိန်းခွဲ၊ ရုပ်မြင်သံကြားပြသသော ရုပ်ရှင်ကားများရငွေကို အစည်းအရုံးက တာဝန်ယူထုတ်ပေးကြောင်း၊ ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် စုပေါင်းမဟာဘုံကထိန်ပွဲကို တနှစ်တကြိမ်ကျင်းပလေ့ရှိကြောင်းများ၊ ပညာသင် ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆုပေးပွဲများကိုလည်းကျင်းပပေးကြောင်း မြန်မာနိုင်ငံ အစည်းအရုံးမှ ရှင်းလင်းတင်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *