၇.၁. ၂၀၂၄
Written by Phyo Wei

ဒေါ်လာစျေးကို ထိန်းချုပ်မှုမရှိတော့ချိန်မှာ ကမ္ဘာ့ရွှေပေါက်စျေးအတိုင်း တွက်ချက်ရောင်းချလာနေပေမဲ့လည်း ကမ္ဘာ့ရွှေစျေးကျချိန်မှာ ပြည်တွင်းရွှေစျေးကျမလာဘဲ တင်းခံနေတဲ့အခြေအနေမှာ အဆမတန်အမြတ်တင်ထားတဲ့ ပြည်တွင်းဆန်စျေးကွက်ဟာလည်း ထိန်းကျောင်းနိုင်မဲ့အလားအလာ မမြင်ရသေးပါဘူး။

အခြားတစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက စျေးဆင်းကစားကြတဲ့ အိမ်ခြံမြေဝယ်လက်တွေဟာ ကျားဖြန့်နှိမ်နင်းမှုနဲ့ ရှမ်းမြောက်တခွင်စစ်ပွဲတွေကြောင့် အဆမတန်မြင့်တက်နေတဲ့ ပြည်တွင်းအိမ်ခြံမြေစျေးကွက် ဝယ်လက်ပျောက်သွားခဲ့သလို ငွေကြေးကြွယ်၀သူတွေကလည်း လုံခြုံအေးချမ်းစျေးချိုရာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းဝယ်ယူနေတာကြောင့် ပြည်တွင်းအိမ်ခြံမြေစျေးကွက် ပျက်သလောက်နီးနီး ငြိမ်ကျသွားတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကုန်ထုတ်လုပ်မှုက စံချိန်တင်ကျလာတဲ့အကြောင်း၊ NUG ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတော့မှာဖြစ်ကြောင်းနဲ့ အာဆီယံမှာ မြန်မာနိုင်ငံဟာ လူမှုစီးပွားထိခိုက်မှု အများဆုံးနိုင်ငံဖြစ်လာတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ပဋိပက္ခကြောင့် ကျဆင်းရတဲ့ ကုန်ထုတ်လုပ်မှု

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုဟာ ပြည်တွင်းမှာ မြို့သိမ်း တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းက စ အကျဘက်ကို ဦးတည်လာသလို လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုကြီးထွားလာတာကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုဟာ ဒီဇင်ဘာလမှာ ၂၀၂၃ ခုနှစ်အတွင်း အနိမ့်ဆုံးအဆင့် ထိုးကျခဲ့ပြီး လုံခြုံရေးစိုးရိမ်မှုတွေကလည်း လုပ်ငန်းတွေရဲ့ ယုံကြည်မှုအပေါ် ဖိစီးလာခဲ့တယ်လို S&P Global ရဲ့မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ သေရေးရှင်ရေးအခြေအနေမျိုးမှာ လုပ်ကိုင်နေကြရတာ ဖြစ်ပြီး ပဋိပက္ခတွေ ပျံ့နှံ့လာတာကြောင့် စိန်ခေါ်မှုတွေကို အရင်ထက် တိုးပြီးရင်ဆိုင်နေရတဲ့အပြင် ကုန်သွယ်ရေး လမ်းကြောင်းတွေကိုပါ သက်ရောက်မှုရှိလာပြီး သွင်းကုန်လိုင်စင်ရရှိရေး ခက်ခဲနေတာကလည်း ကုန်ကြမ်းပစ္စည်း ရှားပါးမှုဖြစ်စေခဲ့သလို အော်ဒါအသစ်ရရှိမှုကလည်း နှစ်နှစ်ကျော်အတွင်းမှာ အနက်ရှိုင်းဆုံး ကျဆင်းသွားခဲ့တယ်လို သိရပါတယ်။

၂၀၂၃ ဟာ အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို့ ကြုံးဝါးထားတဲ့ NUG ဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ရေးလှိုင်းလုံးမှာ လိုက်ပါခဲ့တာတောင် မြောက်ပိုင်းသုံးဖွဲ့ခြေဖျားမှီအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ အပြီးဖြတ်မယ်လို့ ထပ်ပြောလာတာကြောင့်လည်း ဒီစစ်ရှိန်ကိုလန့်ပြီး ကုန်ထုတ်လုပ်မှုကျဆင်းရတဲ့သဘောပါပဲ။ ကုန်ထုတ်လုပ်မှုကျဆင်းပြီး ကုန်ထုတ်လုပ်မှုကျရင်တော့ ထုတ်ကုန်တွေစျေးတက်လာမှာဖြစ်ပြီး ခံရမှာကတော့ ထုံးစံအတိုင်းပြည်သူပါပဲ။

တရုတ်အကျိုးစီးပွား ကာကွယ်ပေးမဲ့ NUG

နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက NLD ထောက်ခံသူ၊ NUG နဲ့ PDF တွေဟာ တရုတ်နိုင်ငံက လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အမြဲတစေ တိုက်ခိုက်ဖျက်ဆီးခဲ့ပေမဲ့လည်း SAC ဥက္ကဋ္ဌနဲ့ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်‌ရေးညွှန်ကြားရေးမှူးတို့ ဒီဇင်ဘာ ၂၇ ရက်မှာ တွေ့ဆုံပြီး မြန်မာနဲ့ထိုင်း အစိုးရချင်းပူးပေါင်းကာ မြဝတီမြို့အနီးရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ နှစ်နိုင်ငံပူးတွဲ ကြေညာအပြီးမှာတော့ မြဝတီမြို့အနီးက KNU တပ်မဟာတွေမှာ ခိုလှုံနေရတဲ့ NUG ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးတော့မယ်လို ထုတ်ပြန်လာပါတယ်။

NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားခေါင်းစဥ်နဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်မှာဆိုရင် NUG ဟာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လို့ မြန်မာနိုင်ငံအတွက် အထူးအရေးပါကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မှာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံရဲ့ လုံခြုံရေးခြိမ်းခြောက်တဲ့ အဖွဲ့အစည်းကို မြန်မာ့မြေပေါ် အခြေချခွင့်ပြုမှာမဟုတ်ကြောင်း၊ ၂၀၂၁ ရှေ့ပိုင်းက ချုပ်ဆိုထားတဲ့ တရုတ်-မြန်မာစာချုပ်အားလုံးကို တာဝန်ယူမှာဖြစ်ကြောင်း၊ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမှာဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

မြဝတီမြို့အနီးမှာဆိုရင် အင်အားအကြီးဆုံးဖြစ်တဲ့ KNU ဟာ သူနဲ့တိုက်ရိုက်ဆက်နွှယ်နေတဲ့ KK Park အပြင် BGF ရဲ့ ရွှေကုက္ကိုလ်၊ DKBA ရဲ့ ရွှေမြစန္ဒီ နေရာတွေမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျားဖြန့်လုပ်ငန်းတွေရှိနေတယ် သတင်း ထွက်ပေါ်နေပြီး လက်ရှိမှာ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်တွေက ကျားဖြန့်တွေ ဖမ်းပေးနေချိန်မှာတောင် KNU က မသိကျိုးကျွံပြုနေခဲ့တာပါ။ ဒီလိုမျိုး KNU က အကျိုးစီးပွားပဋိပက္ခတွေနဲ့ ကျားဖြန့်ကို မသိကျိုးကျွံပြုနေတာကြောင့် NUG ဟာ ကြားညပ်မှာကြောက်သလို အမေရိကန်ရဲ့ ၂၀၂၄ ကာကွယ်ရေးအသုံးစရိတ် NDAA မှာ NUG နဲ့ PDF အတွက် ထောက်ပံ့မှု ဆက်ပါမလာလို့ တရုတ်ဆီက ရနိုးနိုး မျှော်ကိုးပြီး တရုတ်အကျိုးစီးပွားကာကွယ်ပေးမယ်လို့ ထုတ်ပြန်ရတဲ့အခြေအနေလို့လည်း ယူဆစရာပါ။ ဒီလိုမျိုးတရုတ်အကျိုးစီးပွားကာကွယ်ဖို့ ထုတ်ပြန်ချက်ထဲမှာ NUG ကို ထောက်ခံနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးသမားတွေ မနှစ်သက်တဲ့ တရုတ်တစ်နိုင်ငံတည်းမူကို လက်ခံမယ်လို့တောင် ပါခဲ့တာမို့ NUG က တရုတ်ကိုပြေးပြီးအဖားလွန်မှုဟာ လူအမြင်ကပ်စရာလည်း ဖြစ်ခဲ့ရသေးတာပါ။

အာဆီယံမှာ လူမှုစီးပွားထိခိုက်မှုအများဆုံး မြန်မာ

မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းနိုင်ငံတွေထဲ သဘာဝဘေးကြောင့် လူမှုစီးပွားရေးထိခိုက်မှုအများဆုံးခံစားနေရတဲ့ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ MALSE အဖွဲ့က ဖော်ပြလာပြီး နှစ်စဥ် နိုင်ငံ့ GDP ရဲ့၀ ဒသမ ၉ ရာခိုင်နှုန်းခန့်ထိခိုက်ဆုံးရှုံးနေတယ်လို့ ပြောလာတာပါ။ ဒီနေရာမှာ မြန်မာရဲ့အောက်က ဖိလစ်ပိုင်နဲ့ဗီယက်နမ်က ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ကပ်လိုက်နေပြီး လာအိုနဲ့ ကမ္ဘောဒီးယားကတော့ ၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ပူးတွဲတတိယဖြစ်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၅ နှစ်ကျော်အတွင်းငလျင်လှုပ်မှု၊ ရေကြီးမှု၊ မုန်တိုင်းတိုက်ခတ်မှု စတဲ့ ကြီးကြီးမားမား သဘာဝဘေးအန္တရာယ် ၂၄ ကြိမ်တွေ့ကြုံခဲ့ရပြီး လူပေါင်း ၄ သန်းကျော် အပေါ် သက်ရောက်မှုများစွာဖြစ်စေခဲ့သလို ဒီလိုသဘာဝဘေးကြောင့် လမ်းတံတားပြိုတာတွေကိုလည်း နှစ်စဥ် ဒေါ်လာ သန်း ၂၀ ကျော်ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဧရာဝတီနဲ့ ရန်ကုန်ကို အဓိကထိခိုက်ခဲ့တဲ့ နာဂစ်နဲ့ ရခိုင်ပြည်နယ်ကိုစုတ်ပြတ်သွားစေတဲ့မိုခါတို့ဟာ ဒေါ်လာဘီလျံဆယ်နဲ့ချီ ထိခိုက်စေခဲ့သလို မိုခါကြောင့်ထိခိုက်မှုဟာ အခုထိနာလန်ထူဖို့ကြိုးစားရဆဲပါ။ ဒီလိုမျိုး လေမုန်တိုင်းကြောင့်စီးပွားရေးထိခိုက်ရမှုက ၉၀ ရာခိုင်နှုန်းနီးပါးလောက်လည်း ရှိနေတာပါ။

လက်ရှိကာလကတော့ သဘာဝဘေးထက်ဆိုးရွားတဲ့ လူ့ဘေး၊ လက်နက်ကိုင်ဘေးပါသင့်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ဒေါ်လာ ဘီလျံ ၇၀ လောက်သာရှိလို့ နှစ်စဥ် ဒေါ်လာ ၇ ဘီလျံဖိုးလောက်ဖျက်ဆီးတဲ့ သဘာဝဘေးထက်လူလုပ်တဲ့ဘေးက ပိုပြင်းထန်တာလည်း သတိထားမိမှာပါ။ ပြီးခဲ့တဲ့ ၂၀၂၁ က စလို့ အစိုးရတစ်ရပ်ပိုင်တာမဟုတ်တဲ့ နိုင်ငံပိုင်လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ တာဝါတိုင်တွေ၊ လျှပ်စစ်အခြေခံအဆောက်အအုံတွေ၊ မီးရထားလမ်းတွေဟာအကြိမ်ရေထောင်ပေါင်းများစွာ ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရတာပါ။ နေရာအနှံ့မှာ ဆက်ကြေးပေးနေရလို ရန်ကုန် – မြဝတီခရီးတိုလေးဟာ ကားတစ်စီး ဆက်ကြေး ၆ သိန်းလောက်ပေးနေရလို့ ပြည်သူ့အပေါ်ဖိစီးခဲ့သလို နေရာအနှံ့မိုင်းကွင်းဖြစ်နေလို့လည်း စိုက်ပျိုးမွေးမြူရေးကျဆင်းခဲ့တာပါ။ နိုင်ငံဆုတ်ယုတ်ပျက်စီး ဖျက်ဆီးခံရတဲ့ အဆိုးဆုံးအခြေအနေအဖြစ် လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းကျော် လူ ၆ သန်းလောက်ဟာ စစ်ဘေးဒုက္ခသည်ဖြစ်လာနေပြီး လူမှုစီးပွား၊ အနာဂတ်၊ အသက်ဘာတစ်ခုမှမရေရာတဲ့ဘဝကို အချည်းနှီးဖြတ်သန်းနေရတာလည်း ရင်နင့်စရာပါ။ ဒီလိုမျိုးရင်နင့်စရာတွေ စစ်ပွဲတွေတိုင်းဟာ နိုင်ငံနဲ့ပြည်သူကို ဆိုးကျိုးဒုက္ခပဲပေးတာမို့လို့အကြမ်းဖက်မှုတွေကို မထောက်ခံ၊ ရှုတ်ချ၊ ဖျက်ဆီးတာတွေရပ်တန့်ဖို့ ပြည်သူက တောင်းဆိုဖို့လိုပြီး စစ်ရေးအရဖျက်ချသမျှ အကြောက်တရားနဲ့ ငြိမ်ခံနေကြရင်တော့ ဒီအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ချိန်မှာလည်း ပြည်သူတွေပဲ အကုန်ခံရပြီး မိအေးအခါခါနာရမယ်ဆိုတာ သတိချပ်ပါလို့ပဲ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News