၁၇. ၁၂. ၂၀၂၃
Written by Phyo Wei

စက်မှုဇုန်လုပ်ငန်းရှင်တွေအတွက် စက်သုံးဆီအကျပ်အတည်းဟာ ဗဟိုဘဏ်က ငွေစိုက်ထုတ်ပေးမှာ၊ ပို့ကုန်ရငွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်ပြီဆိုတဲ့ ဖြေရှင်းမှုအပြီးမှာတော့ ၁၀ ရက်လောက် တိုင်ပတ်နေခဲ့တဲ့ စက်သုံးဆီ တန်းစီတိုးရတဲ့ ပြဿနာက ဆုံးခန်းတိုင်သွားခဲ့ပြီဆိုတာ တွေ့မြင်ရပါတယ်။

အခြားတစ်ဖက်မှာ ပိတ်ဆို့မှုဆက်တိုက်လုပ်နေတဲ့ အမေရိကန်က မြန်မာ့သယံဇာတတွေ တင်သွင်းပြီး မြန်မာ့ပို့ကုန်အများဆုံးတင်ပို့နေတဲ့နိုင်ငံစာရင်းမှာ အဆင့် (၅) နေရာရှိနေတာ၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ခရီးမသွားသင့်ဘူးလို့ အမေရိကန်ထုတ်ပြန်တာ၊ မြန်မာနိုင်ငံက ရရှိထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး ၂၀၂၇ အထိ သက်တမ်းတိုးခွင့်ရခဲ့လို့ အထည်ချုပ်ကဏ္ဍအပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်ရာမှာ အားသာချက်ရှိလာနိုင်တာ၊ လာမဲ့နှစ်မှာ မြန်မာနိုင်ငံက လူ ၆ သိန်းနီးပါးကို ကူညီကယ် ဆယ်ထောက်ပံ့ဖို့ ဒေါ်လာ ၁ ဘီလျံလောက်လိုအပ်မယ်လို့ UNOCHA ပြောလာတာတွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စပါးပေါ်ချိန်မှာ တောင်သူတွေဆီက စျေးနှိမ်ဝယ်ယူဖို့ စပါးရည်ညွှန်းစျေးကို လျှော့ချဝယ်ယူခဲ့ပေမဲ့ ပြည်ပပို့တာလည်းမဟုတ်တဲ့ ပေါ်ဆန်းဆန်က တစ်အိတ်ကျပ် နှစ်သိန်းနားဖြစ်လာပြီး ပိုတောင်စျေးတက်လာတာ၊ မှောင်ခို ကုန်သွယ်မှုတွေက ဘီလျံ ၂၀၀ နီးပါးမိလာတာနဲ့ လာမဲ့ ၂၀၂၄ ခုနှစ်မှာလည်း မြန်မာ့စီးပွားရေးက တက်လမ်းမရှိဘူးဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

နှစ်သိန်းနားက မဆင်းတဲ့ ပေါ်ဆန်း

၂၀၂၃ မိုးစပါးပေါ်ချိန် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကိုကျပ် ၁၈ သိန်းကနေ သိန်း ၂၀ ကြား ရောင်းချဖို့သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆန်ဈေးနှုန်းထုတ်ပြန်ခဲ့ရာမှာ ‌ရွှေဘိုပေါ်ဆန်းဆန်သစ် ၂၄ ပြည်တစ်အိတ် ကျပ် ၉၅,၀၀၀ အထိသာ အများဆုံးရောင်းချဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပေမဲ့ ပြည်တွင်းစားသုံးမှုများပြီး ပြည်ပမပို့တဲ့ ရွှေဘိုပေါ်ဆန်းဆန်သစ် တစ်အိတ် ကျပ် ၁၅၅,၀၀၀ အထိ ဖြစ်ပေါ်လာတဲ့အတွက် ဆန်အသင်းသတ်မှတ်တဲ့ သတ်မှတ်ရည်ညွှန်းဈေး (Reasonable Market Price) ထက် ရာခိုင်နှုန်း ၆၀ ကျော် ပိုလို့မြင့်တက်နေပြီဖြစ်ပါတယ်။

စပါးပေါ်ချိန်မှာ ပြည်တွင်းဆန်စျေးကြီးမြင့်နေတာကို ထိန်းနိုင်ဖို့အတွက် အဲဒီအချိန်က တင်း ၁၀၀ ကို ၃၅ သိန်း၊ သိန်း ၄၀ ပေါက်နေတာတွေကို ထိန်းဖို့ဆိုပြီး ပေါ်ဆန်းစပါးတင်း ၁၀၀ ကို သိန်း ၂၀ ထက်ပိုမဝယ်ဖို့ ကန့်သတ်ခဲ့ပေမဲ့ ဒီစပါးတွေ ဆန်သစ်အဖြစ် စျေးကွက်ဝင်လာချိန်မှာတော့ ဆန်စျေးကကျမလာတဲ့အပြင် ပေါ်ဆန်းဆန်သစ်တစ်အိတ်ကို ကျပ် ၁၅၀၀၀၀ အထက်နဲ့ ရွှေဘိုပေါ်ဆန်းထူးရှယ်အဟောင်းဟာ တစ်အိတ် ၂ သိန်းဝန်းကျင်ဖြစ်လာတာပါ။

ဆန်အသင်းရဲ့ ရည်ညွှန်းစျေးသတ်မှတ်မှုဟာ စပါးကိုဝယ်ယူချိန်က စျေးနဲ့ ချိန်ဆပြီး ရည်ညွှန်း သတ်မှတ်စျေးထက် လက်လီမှာ ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားပဲများရမယ်ဆိုပေမဲ့လည်း စျေးကွက်ထဲမှာတော့ ဆန်စျေးက ကျမသွားတဲ့အပြင် ပိုလို့တက်လာနေပြီး ၂၀၂၂ ဇူလိုင်လောက်မှာ ၈၀၀၀၀ လောက် ပေါ်ဆန်းက အခု တစ်အိတ်ကို နှစ်သိန်းလောက်ဖြစ်လာနေတာက တော်တော့်ကိုဆိုးရွားတဲ့ စျေးနှုန်းမြင့်တက်မှုဖြစ်လာသလို စပါးပေါ်ချိန်မှာ တောင်သူကိုစျေးနှိမ်၊ ဆန်သစ်ပေါ်ချိန်ကြတော့ စျေးကို မဟားဒယားဆွဲတင်ပြီး ရည်ညွှန်းစျေးထက် ၆၀ ရာခိုင်နှုန်းအထက် အမြတ်ယူနေတာကတော့ တော်တော့်ကို ဆိုးရွားပြီး အမြတ်ကြီးစားတဲ့လုပ်ရပ်၊ ဆန်စျေးကွက် ထိန်းချုပ်ဖို့ကြိုးစားမှု မအောင်မြင်တဲ့ဖြစ်ရပ်လို့ ပြောရမှာပါ။

ဘီလျံ ၂၀၀ နီးပါးမိတဲ့ မှောင်ခိုကုန်သွယ်မှု

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲစည်းအပြီး ဖမ်းဆီးရမိမှုအနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိ အမှုတွဲ ၄၂၃၂ မှု၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၅ ဒသမ ၀၅၆ ဘီလျံနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ဖမ်းဆီးရမိ အမှုတွဲ ၅၇၅၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလျံဖြစ်ပြီး တာဝန်ယူခဲ့တဲ့ ၂၃ လတာကာလမှာ ဖမ်းဆီးရမိ အမှုတွဲပေါင်း ၉၉၈၅ မှုနဲ့ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလျံဖြစ်တယ်လို တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သလို တရားမဝင်ကုန်သွယ်မှုတွေမှာ တာဝန်ကျဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာကို ကြားသိနေရတာဖြစ်လို့ ထိထိရောက်ရောက် အရေးယူဖို့ အထူးမှာကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

USDP အစိုးရနဲ့ NLD အစိုးရဟောင်း ငါးနှစ်တာသက်တမ်းနှစ်ရပ်အတွင်းမှာ မှောင်ခိုကုန်သွယ်မှုကို ဖမ်းဆီးကြချိန် ကျပ် ဘီလျံ ၅၀ ကျော်ဖိုးဆီပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး နစက နှစ်နှစ်တာဖမ်းဆီးမှု ကျပ်ဘီလျံ ၂၀၀ နီးပါးဟာ အရင်အစိုးရနှစ်ရပ်ကာလထက် လေးဆလောက်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာကို လက်ခံရပေမဲ့ ဒီဘီလျံ ၂၀၀ လောက်ဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားတရားဝင်ကုန်သွယ်မှုစာရင်းမှာ ဘီလျံ ဆယ်ချီ ကွာနေတာနဲ့ယှဥ်ရင်တော့ အင်မတန်နည်းတဲ့ ဖမ်းဆီးမှုဖြစ်တယ်လို့ပဲ ပြောရမှာပါ။

ဒီနေရာမှာ နစကဒုတိယဥက္ကဋ္ဌဟာ မှောင်ခိုကုန်သွယ်မှုတွေမှာ တာဝန်ကျဝန်ထမ်းတွေက တရားမဝင်ကုန်သွယ်မှုတွေ ငွေကြေးရယူ ဖြတ်သန်းခွင့်ပြုတာ၊ တရားမဝင်ကုန်စည် ပါ၊ မပါကို မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုတာ၊ တရားမဝင်ကုန်စည် တင်ဆောင်လာတာကို သိရှိလျက်နဲ့ ဖမ်းဆီးအရေးယူမှုမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေးတာ၊ တားဆီးစစ်ဆေးရာမှာ တရားမဝင်ကုန်စည်တွေ တွေ့ရှိပေမဲ့လည်း တန်ဖိုးနည်းကုန်စည်အချို့ကိုပဲ ဟန်ပြဖမ်းဆီးအရေးယူတာ စတဲ့လုပ်ရပ်တွေ လုပ်နေတာလို့ အသေးစိတ်ပြောခဲ့တာနဲ့ ချိန်ဆမယ်ဆို ဒီလုပ်ရပ်တွေသာမရှိရင် မှောင်ခိုကုန်သွယ်မှု ပိုဖမ်းဆီးနိုင်မယ်ဆိုတာ သုံးသပ်နိုင်မှာပါ။ မှောင်ခိုကုန်သွယ်မှုတွေမှာ ဝန်ထမ်းတွေပါဝင်ပတ်သက်နေတာကိုလည်း နစကဒုတိယဥက္ကဋ္ဌက အကြိမ်ကြိမ်သတိပေးနေပေမဲ့ ဆက်လက်ကျုးလွန်နေကြတယ်ဆိုတာကိုလည်း အစည်းအဝေးတိုင်းမှာ သတိပေးနေရတဲ့စကားတွေက သက်သေခံနေတာဖြစ်လို့ ပြည်သူနဲ့နိုင်ငံအကျိုးအတွက် မှောင်ခိုကုန်သွယ်မှုတွေမှာ ပါဝင်နေတဲ့ဝန်ထမ်းတွေကို စံပြအဖြစ်အရေးဖို့ချိန်ခါသင့်နေပြီလို့ပဲ တိုက်တွန်းရမှာဖြစ်ပြီး အရေးမယူဘဲ သတိပေးနေသရွေ့တော့ ထိထိရောက်ရောက်တိုက်ဖျက်နိုင်မှာမဟုတ်ဘူးလို့ဘဲ ပြောရမှာပါ။

၂၀၂၄ မှာလည်း တက်လမ်းမရှိတဲ့ မြန်မာ့စီးပွား

မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှုတွေ အရှိန်အဟုန်နဲ့ ဆက်လက် မမြင့်မားခဲ့ရင်တောင် လာမယ့် ၂၀၂၄ မှာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေဦးမယ့်အပြင် အရှေ့အာရှနိုင်ငံတွေထဲမှာ ကိုဗစ်ကပ်ရောဂါမတိုင်ခင် စီးပွားရေးအခြေအနေဆီကို ပြန်မရောက်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်‌ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးပမာဏက ၂၀၁၉ နဲ့ နှိင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေဦးမှာဖြစ်သလို ၂၀၂၃ ဇွန်လအထိ ၁၂ လတာ ကာလအတွင်း စားသုံးကုန်ပစ္စည်းတွေ တန်ဖိုး ၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ၊ မကြာသေးခင်က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာနဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာတာတို့ကြောင့် ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်လာနေတာ၊ အိမ်ထောင်စုတွေရဲ့ ၄၀ ရာခိုင်နှုန်းက အရင်နှစ်ကထက် ဝင်‌ငွေကျဆင်းခဲ့ပြီး ကာလလတ် အမှန်ဝင်ငွေကလည်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တဲ့အပြင် စားနပ်ရိက္ခာ ဖူလုံမှုအညွှန်းကိန်းတွေ ပိုမိုဆိုးရွားလာခဲ့တာကိုလည်း ပြောသွားခဲ့တာပါ။

“စီးပွား‌ရေးအခြေအနေတွေ ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားများကို ပိုပြီး ထိခိုက်စေပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအိုတို့ရဲ့ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောပါတယ်။

တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲတွေ၊ အလုံးစုံပျက်သုဥ်းရေးရည်မှန်းချက်တွေနဲ့ ဖျက်ဆီးနေတဲ့ NUG နဲ့ ဒီအကြမ်းဖက်မှုတွေကိုပဲ တက်ညီလက်ညီကူညီဖျက်ဆီးနေတဲ့ လူအင်အားများနေဆဲနိုင်ငံတစ်ခုဟာ လာမဲ့ နှစ်နစ်မှာလည်း ငါတို့နိုင်မှာ ထင်နေတဲ့လူတစ်စုရဲ့ ဖျက်ဆီးတိုက်ခိုက်မှုကို ကမ္ဘာ့ဘဏ်က အလေးထားတွက်ချက်ခဲ့ဟန်ရှိပါတယ်။ တကယ်တော့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမှာဖြစ်ပြီး လက်နက်ဆွဲကိုင်တိုက်မယ်ဆိုရင်တောင်မှ ပြည်သူနဲ့နိုင်ငံအထိမနာတဲ့ အသိဉာဏ်ပညာနဲ့တိုက်ခိုက်မှုမျိုးကပဲ ဒီမိုကရေစီရဲ့အောင်ပွဲဆိုတာကို တောင်အာဖရိကလိုနိုင်ငံတွေ၊ ထိုင်းလိုအကြိမ်ကြိမ်အာဏာသိမ်းနေတဲ့နိုင်ငံမျိုးတွေက သက်သေပြပြီးသားပါ။ ဒါပေမဲ့လည်း အသိဉာဏ်နည်းပါးတဲ့နိုင်ငံတစ်ခုဟာ လက်နက်အားပြုနေမှ ဒီမိုကရေစီရမယ်ထင်နေသရွေ့တော့ နိုင်ငံလည်း ကြေ၊ ပြည်သူလည်း သေ၊ ဒီမိုကရေစီအာဏာရှင်တွေလည်း ထပ်ချည်းတလဲလဲမွေးဖွား၊ ဒီမိုကရေစီနောက်ပြန်သွားရင်း ဖွပ်သထက်ညစ်နေဦးမှာ မဆန်းပါဘူးလို့ ရင်နာနာနဲ့သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *

Related News