၁၇. ၁၂. ၂၀၂၃

Written by Nay Aung

ထိုင်းနိုင်ငံရှိ အမှတ်(၂)ရာမ အမြန်လမ်းမကြီးဆောက်လုပ်နေသည့် လုပ်ငန်းခွင်တစ်ခုတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကွန်ကရစ်သံမဏိမိုလ်ပြုတ်ကျမှု တစ်ခုဖြစ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ စဲ့ဒမ်ဒေသမှ ရဲမှူးကြီး ဝီရာဝက် လက်ချိုင်းသည် အမှတ် (၂) ရာမ အမြန်လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်သံမဏိမိုလ်ပြုတ်ကျပြီး လူသေဆုံးမှုများ ရှိသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက် စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အသုံးပြုသော ကြီးမားသော ကွန်ကရစ်သံမဏိမိုလ်ပုံစံပြားသည် မြေပြင်ရှိ အသက် ၄၄ နှစ်အရွယ် ဆောက်လုပ်ရေးဝန်ထမ်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးအခြား မြန်မာနိုင်ငံသားဆောက်လုပ်ရေးအလုပ်သမားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူနှင့်သေဆုံးသူကို နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ကြောင်း၊ ကွန်ကရစ်သံမဏိမိုလ်ပြုတ်ကျမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိ အခြားသူများနှင့်ကားများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း ရဲမှူးကြီး ဝီရာဝက် လက်ချိုင်းက ပြောသည်။

အဆိုပါ ကွန်ကရက်သံမဏိမိုလ်များကို တံတားတွင်အသုံးပြုနိုင်ရန် ကရိန်းဖြင့် ဆွဲနေချိန်အတွင်း ဆိုင်းထားသော သံမဏိဆိုင်းကြိုး ကြိုးပြတ်သွားသည့်အတွက် မြေပြင်တွင်ရှိနေသည့် မြန်မာနိုင်ငံသားအလုပ်သမားများအပေါ်ကို ကျရောက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပို့ခင် ဆေးရုံပို့ဆောင်ကာ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

Ref :;.mgronline

Leave a Reply

Your email address will not be published. Required fields are marked *

Related News