၃. ၁၂. ၂၀၂၃
Written by Phyo Wei

လာမယ့် ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရုရှားနိုင်ငံက ထုတ်လုပ်ရေးလုပ်ငန်း ၈ ခု ဦးဆောင် ပါဝင်မယ့် နယ်ပယ်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးမစ်ရှင်တစ်ခုကို ရန်ကုန်မြို့ Panpacific Hotel မှာ ကျင်းပမယ်လို့ ရုရှားနိုင်ငံ ပို့ကုန်လုပ်ငန်းစင်တာက ထုတ်ပြန်လာတဲ့ ဒီတစ်ပတ်မှာပဲ စားအုန်းဆီစျေးဟာ အရင်ထက် ၃၀ ရာခိုင်နှုန်းလောက် တက်လာပြီး တစ်ပိသာ ၆၀၀၀ အထိ ဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းတွေဆီ လူကုန်ကူးခံရသူတွေဟာ သူတို့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောင်းစားခံခဲ့ရတယ်ဆိုတာ၊ ပင်လယ်‌‌ရေကြောင်းနဲ့ နယ်စပ်က ဆန်နဲ့ဆန်ကွဲတင်ပို့မှု လျော့ကျနေချိန်မှာ Cargo Flight နဲ့ ပြည်ပကို ဆန်၊ ဆန်ကွဲ တင်ပို့မဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ Pre-License Cargo Inspection စစ်ဆေးဖို့ မလိုအပ်ဘူးလို့ ဖြေလျှော့ပေးခဲ့တာနဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံရာမှာ ဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေးနဲ့ လုံခြုံရေးဆိုင်ရာအသုံးစရိတ်တွေကို အဓိကတောင်းခံတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကနေ NUG က ကျပ် ၄၅ ဘီလျံလောက် သိမ်းယူသွားတာ၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေး သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးကဏ္ဍတွေ အဓိကသုံးတဲ့ ဒီဇယ်ဆီ ဈေးနှုန်းသက်သာရေးကို အဓိကထား ဆောင်ရွက်နေတယ်ဆိုတာနဲ့ နိုင်ငံ့မြောက်ပိုင်းဒေသက အကြမ်းဖက်မှုတွေကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုဟာ အနာဂတ်မှာ ပိုမိုဆိုးရွားစွာ ဆုတ်ယုတ်လာနိုင်တယ်လို့ ဂျပန်အခြေစိုက် စစ်တမ်းမှာ ဖော်ပြလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

NUG လုယက်တဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ကျပ် ၄၅ ဘီလျံ

ကောလင်းခရိုင်၊ ကောလင်းမြိုကို NUG၊ KIA နဲ့ PDF တွေ တိုက်ခိုက်သိမ်းပိုက်အပြီးမှာ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖောက်လုယက်ပြီး ကျပ် ၄၄ ဘီလျံခွဲကို သိမ်းယူထားတာမှန်ကန်တယ်လို့ NUG က နိုဝင်ဘာ ၃၀ ရက်မှာ ဝန်ခံလာပါတယ်။ ကောလင်းမြိုကို သိမ်းပြီးစမှာ NUG ဟာ မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ် ၉၅၂ သန်း လုယက်သိမ်းယူခဲ့တာပဲ ကြေညာခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်မှာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG နဲ့ PDF တွေဟာ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေကို ဖျက်ဆီးပြီး ကျပ် ဘီလျံ ၄၀ လုယက်သွားတယ်လို့ ပြောပြီးချိန်မှ ဒီလုယက်မှုကို ထိမ်ချန်ထားတဲ့ NUG ဟာ ဖုံးကွယ်မရတော့လို့ သူတို့လုယက်ခဲ့တာ ကျပ် ၄၅ ဘီလျံနီးပါးရှိတယ်လို ဝန်ခံချက်ထုတ်ပြန်လာတာဖြစ်ပါတယ်။

NUG ဟာ ဒီကျပ် ၄၅ ဘီလျံခန့်ကို ထွန်းကော်မာရှယ်ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေကနေ လုယက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ PDF တွေဟာ ငွေရလွယ်တဲ့ ဘဏ်တွေကို ဦးတည် တိုက်ခိုက်နေလို့ ပုဂ္ဂလိကဘဏ်တွေကို ရဲလုံခြုံရေးနဲ့ အရေးကြီးဘဏ်တွေကို စစ်တပ်ကလုံခြုံ‌ရေး ဆောင်ရွက်နေရတယ်လို့လည်း SAC ဥက္ကဋ္ဌက အသိပေးထားပါတယ်။

ကောလင်းဒေသတွင်းသတင်းတွေအရ NUG ရဲ့ PDF တွေဟာ KIA နောက်လိုက်အဖြစ်နဲ့ တိုက်ပွဲတွေကြားကထွက်ပြေးလို့ ဝန်ထမ်းမရှိတော့တဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေတိုက်တွေကို လုံခြုံမှုပေးရမဲ့အစား ငွေတိုက်ခန်းကို ဖောက်၊ ငွေတွေသိမ်းယူပြီး ဒီငွေတွေကို NUG ဆီ စာရင်းပဲပို့၊ ငွေသားတွေကိုတော့ KIA လက်နက်ကိုင်တွေဆီပို့တယ်လို့ သတင်းထွက်ပါတယ်။ NUG ဟာ ဒီငွေတွေကို ပြည်သူ့ငွေမို့လို့ တစ်ချိန်ပြန်ပေးမယ် လူကြားကောင်းအောင်ထုတ်ပြန်ထားပေမဲ့ နဂိုကတည်းက ဖောက်စရာမလိုတဲ့ ပုဂ္ဂလိကဘဏ်တွေကို ဖောက်ယူပြီး ရှိသမျှငွေတွေသိမ်းသွားကတည်းက ပုဂ္ဂလိကဘဏ်တွေက ဒီငွေတွေကို အဆုံးရှုံးခံ(Write-off) ထားရပြီပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ NUG ဩဇာခံ PDF တွေနဲ့ KIA ဟာ ပုဂ္ဂလိကဘဏ်တွေဖွင့်ဖောက်ပြီး လုယက်ခဲ့တာပေါ်လွင်တယ်လို့ ထင်ပါတယ်။

ဒီဇယ်ဆီဖူလုံရေးဦးစားပေမဲ့ အခြေအနေ

အခုဒီဇင်ဘာ ၅ ရက်ကနေ စပြီးတော့ စက်မှုဇုန်တွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ‌ရောင်းမပေးတော့ဘူးလို သတင်းတွေ ထွက်ပေါ်အပြီးမှာ ပြည်တွင်း ဓာတ်ဆီဈေးနှုန်း ရုတ်တရက် မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်းမှာ ဓာတ်ဆီတစ်လီတာ ကျပ် ၃၄၀ ခုန်တက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ပြင်ပကနေ ဆီဝယ်ဖို့ စက်မှုဇုန်တွေကရတဲ့ ပိုကုန်ဝင်ငွေ ဒေါ်လာရဲ့ ၅၀ ရာခိုင်နှုန်းကို ပြင်ပ‌ပေါက်ဈေးနဲ့ ရောင်းချခွင့်ပြုဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း နိုင်ငံအတွင်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမှန်ကန် မြန်ဆန်စေရေးနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်စေဖို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အဓိကသုံးစွဲတဲ့ ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာနဲ့ သုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာပါတယ်။ ဒီလိုဆောင်ရွက်နေတာဖြစ်လို့ ဒီဇင်ဘာ ၁ ရက်က ဓာတ်ဆီဈေးနှုန်းတွေ တစ်လီတာ ကျပ် ၃၄၀ ခုန်တက်ခဲ့ပေမဲ့ ဒီဇယ်ဈေးနှုန်းတွေ အနည်းငယ်သာ မြင့်တက်ခဲ့ပြီးတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၅ ကျပ်သာ မြင့်တက်ခဲ့တာတွေ့ရပါတယ်။

တကယ်ဆို စက်မှုဇုန်တွေအတွက် အစိုးရက ဆီရောင်းမပေးဘူးဆိုတာနဲ့ ဓာတ်ဆီစျေးကို တစ်လီတာ ကျပ် ၃၄၀ ခုန်တက်ပြီး အစိုးရကထိန်းပေးမဲ့ဒီဇယ်ကိုတော့ ၁၅ ကျပ်လောက်ပဲတက်တာကိုကြည့်မယ်ဆို ဒီလိုစျေးတက်ပုံကွာခြားမှုဟာ အတွင်းသတင်းရသူတွေရဲ့ ဆီစျေးကို ဆွဲတင်မှုလို့ပြောရမှာပါ။ ဆီစျေးကျရင် ဆီထုတ်မရောင်း၊ ဆီစျေးတက်ရမဲ့အသံကြားတာနဲ့အဆမတန်တင်ဆိုတဲ့ ကျင့်ဝတ်မဲ့လက်ဝါးကြီးအုပ်မှုတွေဟာ မဖြစ်သင့်တော့သလို ခေတ်အဆက်ဆက်လူတစ်စုပဲချမ်းသာမှုပေးတဲ့စက်သုံးဆီမူဝါဒတွေ၊ တင်သွင်းခွင့်ပေးမှုတွေဟာ ပြန်လည်သုံးသပ်ချိန်သင့်ပြီပဲပြောရမှာဖြစ်ပါတယ်။

မြောက်ပိုင်းတိုက်ပွဲ အကြမ်းဖက်မှု ဂယက်ကြောင့် ဆိုးရွားဦးမဲ့ မြန်မာ့ကုန်ထုတ်လုပ်မှု

“မကြာမီက အကြမ်းဖက်မှုတွေ ပိုအရှိန်မြင့်လာနေပြီး နိုင်ငံရေးအခြေအနေ ပိုပြီးမရေမရာ ဖြစ်လာနေလို့ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပေးမှုများ အားကောင်းနေကာ နိုင်ငံတကာ အခြေအနေ အခြေမသာတဲ့ အခြေအနေမျိုးထဲမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍအတွက် အနာဂတ်ဟာ အတော်လေးမှောင်ရိပ်သန်းလျက် ရှိနေဆဲပါ”လို့ S&P Global Market Intelligence က စီးပွားရေးပညာရှင် Maryam Baluch က ပြောပါတယ်။

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍရဲ့ အခြေအနေက ၂၀၂၃ ခုနှစ် ကုန်ဆုံးဖို့ တစ်လအလိုမှာ ဆိုးဝါးလာနေတာကို အချက်ပြလာခဲ့ပြီး နိုင်ငံ့မြောက်ပိုင်းက ပြည်နယ်တွေမှာ အကြမ်းဖက်မှုတွေ အသစ်တစ်ဖန် အရှိန်မြင့်လာတာက ဝယ်လိုအားတွေ အားပျော့နေခဲ့တဲ့ အခြေအနေကို ပိုခက်ခဲလာစေခဲ့တယ်လို ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်တဲ့ ဂျပန်အခြေစိုက် S&P Global ရဲ့ မြန်မာ့ထုတ်လုပ်မှု စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။ မြန်မာ့ကုန်ထုတ်လုပ်မှု အကျဘက်ဆီ နက်ရှိုင်းစွာ ကျဆင်းနေပြီး အဓိကကျတဲ့ ကုန်ထုတ်လုပ်မှုရဲ့ PMI အညွှန်းကိန်းကလည်း ကုန်ထုတ်လုပ်မှုတွေ စတင်ကျဆင်းခဲ့တဲ့ အောက်တိုဘာရဲ့ အညွှန်းကိန်း ၄၉ ကနေ အခုနိုဝင်ဘာလမှာတော့ အညွှန်းကိန်း ၄၈ ဒသမ ၁ အထိ ထပ်မံကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံအတွင်း ပဋိပက္ခအခြေအနေတွေနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုဟာ လာမယ့် လတွေမှာလည်း ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ဒီနေ့ရာမှာ ဂျပန်နိုင်ငံရဲ့ သုတေသနအဖွဲ့အစည်း S&P Global ဟာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ သူတို့ရဲ့ အပေါင်းအပါတွေရဲ့ တိုက်ခိုက်မှုကို အကြမ်းဖက်မှုလို့သုံးသွားခဲ့တာတွေ့ရသလို သူတို့ခန့်မှန်းသလိုပဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးလိုလိုပြတ်တောက်နေတာ၊ ဒီလိုပြတ်တောက်နေလို့ ကုန်ချောပို့မရ၊ ကုန်ကြမ်းသွင်းမရဖြစ်နေတာ၊ PDF တွေဖျက်ဆီးထားလို့ လျှပ်စစ်မီးမလုံလောက်တာ၊ ဘဏ်တွေပြိုမယ် မကြာခဏကောလာဟလလွှင့်လို့ မြန်မာ့ငွေဖောင်းပွမှု ဆိုးသထက်ဆိုးလာတာ၊ စိုက်ပျိုးမြေတွေ မိုင်းကွင်းဖြစ်ကုန်ပြီး ပြည်သူလေးသန်းကျော် စစ်ရှောင်နေရတာ၊ လက်နက်ကိုင်ဂိတ်တွေ နေရာအနှံ့ပေါ်လာပြီးဆက်ကြေးမတန်တဆတောင်းနေတာ ဒါတွေဟာ အရင်းစစ်လိုက်ရင် တော်လှန်ရေးအောင်မြင်ဖို့ဖြစ်လာတာမျိုးမဟုတ်ဘဲ ပြည်သူငတ်မွတ်ကျပ်တည်းဖို့ပဲ ဖြစ်လာနေတယ်ဆိုတာ သဘောပေါက်ချိန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News