၂၂.၁၁.၂၀၂၃.
Translated by Htwe Ko Tun

တောင်အမေရိကတိုက်၏ ဘောလုံးအင်အားကြီးနှစ်နိုင်ငံဖြစ်သော ဘရာဇီးလ်နှင့် ကမ္ဘာ့ဖလားလက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲကို ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့၏ မာရာကာနာ အား ကစားကွင်း၌ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ကျင်းပခဲ့ရာတွင် ဘရာဇီးလ် ရဲတပ်ဖွဲ့ဝင်များနှင့် အာဂျင်တီးနားအသင်း၏ ပရိသတ်များအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့၍ ပွဲကျင်းပမှုမှာ အရုပ်ဆိုးအကျည်းတန်ပြီး ပုံပျက်ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘရာဇီးလ်နှင့် အာဂျင်တီးနားတို့၏ခြေစစ်ပွဲက ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင် စတင်ကစားရန်ဖြစ်သော်လည်း ပြိုင်ဘက် ပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ပွဲကြည့်စင်တွင်ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီးနောက် နာရီဝက်ခန့်နောက်ကျ၍ ပွဲကို စတင်ခဲ့ရသည်။

ပွဲစနေချိန်တွင်ပင် အာဂျင်တီးနားဘောလုံးပရိသတ်များအား ဘရာလ်ဇီးရဲတပ်ဖွဲ့ဝင်များက ပွဲကြည့်စင်၌ နံပါတ်တုတ်များဖြင့် လိုက်လံရိုက်နှက်ခဲ့ကြသည်ကိုလည်း တွေ့ကြရသည်။ ထို့ကြောင့် လီယွန်နယ်လ်မက်ဆီ ခေါင်းဆောင်သော အာဂျင်တီးနားဘောလုံးအသင်းအဖွဲ့ဝင်များက အခြေအနေကိုအေးချမ်းစေရန် ပွဲကြည့်စင် လှေခါးထစ်များကိုတက်၍ ကြိုးပမ်းခဲ့ကြသည်။ ထို့နောက်တွင်မူ ၎င်းတို့က ပွဲကို ဆက်လက်မကစားတော့ဘဲ ကွင်းအတွင်းမှထွက်ခွာကာ အဝတ်လဲခန်းသို့ရောက်ရှိလာခဲ့ကြသည်။

မက်ဆီက ကွင်းဘေးရှိရုပ်မြင်သံကြားဌာနတစ်ခုနှင့် တွေ့ဆုံပြောကြားရာတွင် “အင်မတန်ဆိုးဝါးရုပ်ပျက်တဲ့လုပ်ရပ်ပဲ။ ရဲတွေက ပရိသတ်ကို လိုက်ရိုက်နေတာ ကျွန်တော်မြင်နေရတယ်။ ဘာအကြောင်းနဲ့လိုက် ရိုက်နေတာလဲ။ ဒီပရိသတ်တွေထဲမှာ ကစားသမားတွေကို လာအားပေးတဲ့မိသားစုဝင်တွေလည်းအများကြီးပါတယ်” ဟု ပြောခဲ့သည်။

ဘရာဇီးလ်အသင်းခေါင်းဆောင် မာကွင်ဟိုကလည်း “ပွဲကြည့်စင်မှာဖြစ်ရတဲ့ ဆူပူလှုပ်ရှားမှုထဲမှာ လာအားပေးတဲ့ကစား သမားတွေရဲ့မိသားစုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေအတွက် စိတ်ပူမိတယ်။ ဘာကြောင့်ဒီလိုဖြစ်ရလဲတော့ နားမလည်ဘူးပေါ့။ ဒါပေမယ့်ထိတ်လန့်စရာတော့ အရမ်းကောင်းပါတယ်” ဟုပြောခဲ့သည်။

သို့သော် ပွဲမှာ အချိန်အတော်ကြာထပ်မံနောက်ကျခဲ့ပြီးနောက် အာဂျင်တီးနားဘောလုံးသမားများက နောက်ဆုံး၌ ကွင်းအတွင်းပြန်လည်ဝင်ရောက်၍ ပွဲကိုဆက်လက်ကျင်းပခဲ့သည်။ ပွဲ၌ ၆၃ မိနစ်တွင် အာဂျင်တီးနားနောက်ခံလူ နီကိုလတ်စ် အိုတာမန်ဒီက ခေါင်းတိုက်အနိုင်ဂိုးသွင်းကာ တစ်ဂိုး-ဂိုးမရှိ ဖြင့် အဝေးကွင်းပွဲစဉ်တွင် အိမ်ရှင် ဘရာလ်ဇီးအသင်းအားအနိုင်ယူခဲ့ကြောင်း သိရသည်။

Ref—– AFP, Reuters

Leave a Reply

Your email address will not be published. Required fields are marked *