MT News

Written by Tha Doe

ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စ ၁၇၂၄ ဒေါ်လာမှာ ၁၆၇၅ ဒေါ်လာသို့ ၃ ရက်အတွင်း ဒေါ်လာ ၅၀ ကျော် ကျဆင်းသွားသော်လည်း ပြည်တွင်းရွှေစျေးမှာမူ ကျပ် ၂၉ သိန်းအထက်တွင် စျေးအရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။

ကမ္ဘာ့ရွှေစျေးမှာ စက်တင်ဘာ ၁၃ ရက်တွင် ၁၇၂၄ ဒေါ်လာရှိနေချိန်တွင် ပြည်တွင်းရွှေစျေးမှာ ကျပ်သိန်း ၃၀၁၀၀၀၀၀ နှင့် ကျပ် ၂၉၈၀၀၀၀ ကြားအတက်ဘက်တွင် စျေးကစားခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စ ၁၇၀၁ ဒေါ်လာသို့ ကျဆင်းချိန်တွင်လည်း ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းနှင့် ၂၉၆၀၀၀၀ အကြား အတက်အဆင်းပြုလုပ်ခဲ့ကြပြီး စက်တင်ဘာ ၁၅ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စ ၁၆၉၁ ဒေါ်လာသို့ ကျဆင်းချိန်တွင်လည်း ရွှေတစ်ကျပ်သား ကျပ် သိန်း ၃၀ ခန့်သို့ ပြန်လည်ဆွဲတင်ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၁၆ ရက်တွင် ကမ္ဘာ့ရွှေစျေး တစ်အောင်စ ၁၆၆၂ ဒေါ်လာအထိ ကျဆင်းချိန်တွင်လည်း မြန်မာ့ရွှေစျေးမှာ တစ်ကျပ်သား ၂၉၃၀၀၀၀ ခန့်တွင် တောင့်ခံနေပြီး စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာ့ ရွှေစျေး ၁၆၇၅ ဒေါ်လာ ဖြစ်လာချိန်တွင်လည်း ရွှေတစ်ကျပ်သား ၂၉၃၀၀၀၀ တွင် ဆက်လက်အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

” ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးကျလည်း လိုက်မကျဘဲ စျေးကစားသူတွေကြောင့် တင်းခံနေတာ။ ကမ္ဘာ့ရွှေစျေးတက်တော့ ထိုးတက်ပြီး ကမ္ဘာ့ရွှေစျေးကျလည်း သူတို့စျေးတင်ကစားချင်တဲ့ ပမာဏမှာပဲ တောင့်ခံထားပြီး ကမ္ဘာ့ရွှေစျေးတက်ရိပ်ပြန်ပြတာနဲ့ ရွှေစျေးကို ဝုန်းကနဲ ဆွဲတင်ပြန်ရော။ ဒီလိုမျိုး အလွန်အကျွံ စျေးကစားပုံနဲ့တော့ ထိုင်းလိုမျိုး ကမ္ဘာ့ရွှေစျေးကွက်နဲ့ ချိတ်ထားတာတောင် တည်ငြိမ်တဲ့စျေးကွက်အဖြစ် အောင်မြင်လာတာမျိုးမဖြစ်နိုင်သလို အရင်အစိုးရဟောင်းတုန်းက လုပ်ခဲ့တဲ့ ရွှေဗဟိုစျေးကွက် (Gold Exchange) ကလည်း ရွှေလောကပါဝင်ပတ်သက်သူတွေ စိတ်ဓာတ်မမှန်သရွေ့တော့ အခုလို မအောင်မြင်တဲ့အခြေအနေမျိုးပဲ ဆက်ဖြစ်နေပြီး ဘယ်တော့မှ ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ စျေးကွက်မျိုး ပေါ်ထွက်လာမှာမဟုတ်ဘူး” ဟု ရွှေစျေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News