MT News

ရုရှားစက်သုံးဆီများမကြာမီရောက်လာမည်ဟု SAC ဥက္ကဋ္ဌက ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း စက်သုံးဆီစျေးများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ ရုရှားနိုင်ငံကနေ လောင်စာဆီ ဝယ်ဖို့အတွက် ဆောင်ရွက်နေတာ ခရီး တော်တော်ရောက်နေပါပြီ။ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကိုရောက်မှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ဝယ်ယူသွားဖို့လည်း ရှိပါတယ်။ ငွေပေးချေရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ရုရှား နိုင်ငံက လက်ခံတဲ့ ငွေကြေးနဲ့ပေးမှာ ဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ ပေးရမယ်ဆိုရင်လည်း ရူဘယ်လ်နဲ့ ရအောင် ကျွန်တော်တို့ စီစဉ်ပြီးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်က ရူဘယ်လ်နဲ့ပေးချေဖို့ ပိုပြီးဆန္ဒရှိပါတယ်။ တခြားငွေကြေးနဲ့ဆို ကန့်သတ်ချက် ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီနည်းလမ်းကို ရအောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနနှင့် တွေ့ဆုံစဥ်ပြောကြားမှုကို စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဖော်ပြပြီးချိန်မှ ပြည်တွင်းစက်သုံးဆီစျေးများ နေ့စဥ်ရက်ဆက် ကျဆင်းလာခဲ့ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နေ့စဥ်ထုတ်ပြန်နေသည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ စက်တင်ဘာ ၁၄ ရက်တွင် 92 Ron မှာ တစ်လီတာ ကျပ် ၂၄၈၅ ကျပ်အထိ မြင့်တက်နေရာမှ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၂၄၂၀၊ စက်တင်ဘာ ၁၆ ရက်တွင် ၂၃၆၅ ကျပ်၊ စက်တင်ဘာ ၁၇ ရက်တွင် ၂၁၈၀ ကျပ် အထိ နေ့စဥ်ကျဆင်းခဲ့သည်။ ထိုနည်းတူ 95 Ron မှာ တစ်လီတာ ကျပ် ၂၅၇၅ ကျပ်အထိ မြင့်တက်နေရာမှ စက်တင်ဘာ ၁၅ ရက်တွင် ၂၅၁၅ ကျပ်၊ စက်တင်ဘာ ၁၆ ရက်တွင် ၂၄၅၅ ကျပ်၊ စက်တင်ဘာ ၁၇ ရက်တွင် ၂၂၇၀ ကျပ် အထိ နေ့စဥ်ကျဆင်းခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် တစ်လီတာ ၃၀၆၅ ကျပ်အထိ မြင့်တက်ခဲ့သည့် ဒီဇယ်ဆီစျေးမှာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၂၈၃၀၊ စက်တင်ဘာ ၁၆ ရက်တွင် ၂၆၁၅ ကျပ်၊ စက်တင်ဘာ ၁၇ ရက်တွင် ၂၅၈၀ ကျပ် သို့ နေ့စဥ်ကျဆင်းခဲ့ပြီး ပရီမီယမ်ဒီဇယ်မှာလည်း စက်တင်ဘာ ၁၄ ရက်တွင် တစ်လီတာ ကျပ် ၃၁၅၀ အထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၁၅ ရက်တွင် ၂၉၁၅ ကျပ်၊ စက်တင်ဘာ ၁၆ ရက်တွင် ကျပ် ၂၇၀၀၊ စက်တင်ဘာ ၁၇ ရက်တွင် ၂၆၆၅ ကျပ်အထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နေ့စဥ်ထုတ်ပြန်နေသည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

” ဆီစျေးတက်ရင်တော့ ထိုးတက်ပြီး ဆီစျေးကျရင်တော့ တအိအိပြန်ကျတယ်။ ပိုဆိုးတာက ဆီစျေးကျတယ်ဆိုရင် ဆီဆိုင်တွေက ဆီမရောင်းတော့တာဘဲ။ ကျွန်တော်တို့မှာက ဆီစျေးကျချိန် ဆီရောင်းပေးတဲ့ဆိုင် လိုက်ရှာရတာကိုက စျေးကျလို့သက်သာတာထက်ကို ပိုပြီးတော့ ဆီဖိုးကုန်နေတဲ့ အခြေအနေဖြစ်နေတယ်။ တက်ရင်တက်စျေး၊ ကျရင်ကျစျေးနဲ့ရောင်းပေါ့။ ဆီစျေးတက်တော့ ထုတ်ရောင်း၊ ဆီစျေးကျတော့ ဖွက်ထားပြီး မရောင်းတော့တာမျိုးမဖြစ်အောင် ကြီးကြပ်ပေးရင် ကောင်းမယ်” ဟု အငှားယာဥ်မောင်းတစ်ဦးဖြစ်သူ ဦးထွန်းအောင်က စက်သုံးဆီစျေးကျဆင်းချိန်တွင် ဆီဆိုင်များက ရောင်းချမှုမရှိသည့် အခြေအနေအပေါ် ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News