MT News

Written by Tha Doe

PR စနစ်ဖြင့် ကျင်းပမည်ဟု အသိပေးထားသည့် လာမည့်ရွေးကောက်ပွဲတွင် အိမ်ထောင်စုဇယား ပုံစံ ၆၆/၆ ရှိမှသာ မဲပေးခွင့်ရရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။

လာမည့် PR ရွေးကောက်ပွဲ ကျင်းပချိန်တွင်မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခြင်း စသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယား ပုံစံ ( ၆၆/၆ ) များ ရှိကြရမည်ဖြစ်ကြောင်း၊ ပုံစံ ( ၆၆/၆ ) ရှိမှသာ မိမိနေထိုင်ရာဒေသ မဲစာရင်းတွင် ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်းတွင်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တာဝန်ရှိသည့်ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) သို့ပြောင်းလဲကျင့်သုံးမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဟောပြော ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများ သတ်မှတ် ခွဲဝေရာတွင်လည်း ဝေးလံဒေသများနှင့် ခရီးသွားလာရန်ခက်ခဲသည့် ဒေသများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန်လိုကြောင်း ပြောကြားသည်။

”NLD အစိုးရတုန်းကတော့ မှတ်ပုံတင်မလိုဘဲတောင် မဲပေးခွင့်ပြုခဲ့တော့ သက်သေခံလက်မှတ်ပါရုံနဲ့ မဲပေးလို့ရခဲ့တာဆိုတော့ သံသယဖြစ်စရာတွေပါ ပေါင်းလိုက်ချိန်မှာ အာဏာထိန်းသိမ်းခံရတဲ့အဖြစ်ပါရောက်ပြီး တစ်နိုင်ငံလုံး ဒုက္ခရောက်ကုန်တာပေါ့။ ပုံစံ ၆၆/၆ အရမဲပေးရမယ်ဆိုတာကတော့ အရင် NLD အစိုးရတုန်းကလည်း လုပ်ခဲ့တာပဲ။ NLD ရဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲတုန်းကဆိုရင်လည်း ပုံစံ ၆၆/၆ ရှိမှ မဲပေးရမယ်လို လုပ်တော့ ရန်ကုန်ကလူတွေရဲ့ လေးပုံတစ်ပုံလောက်က ပုံစံ ၆၆/၆ မရှိလို့ ကန့်ကွက်တာတွေ ဖြစ်ခဲ့သေးတာပဲလေ။ အခုကလည်း စနစ်တကျ စိစစ်လုပ်တာမျိုး မရှိဘူးဆိုရင်တော့ ပုံစံ ၆၆/၆ မရှိသူတွေ မဲပေးခွင့်ဆုံးရှုံးမှာပေါ့” ဟု နိုင်ငံရေးသုတေသီတစ်ဦးက မှတ်ချက်ပြုသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှ ဩဂုတ်အတွင်း ကျင်းပဖွယ်ရှိသည့် PR ရွေးကောက်ပွဲမှာ လွတ်လပ်သည့် တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် အခြေခံအားဖြင့် စာရင်းဇယားမှန်ကန်တိကျရန် အဓိကလိုအပ်ပါသဖြင့် စာရင်းဇယားများ တိကျမှန်ကန်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန များနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရှိမရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ၊ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်စာရင်း နှင့် လဝက ပုံစံ ၆၆/၆ များကွန်ပျူတာအတွင်းရရှိပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြိုနယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်း မှန်ကန်မှုရှိ၊မရှိ ပြီးစီးအောင်တိုက်ဆိုင် စစ်ဆေးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အိမ်ထောင်စုလူဦးရေစာရင်းအား လဝက ပုံစံ ၆၆/၆၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးနိုင်မှုမရှိဘဲ ရှိ/ကောက် စနစ်ဆောင်ရွက်ခဲ့၍ မဲမသမာမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံသား တစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်တစ်ခုသာ တရားဝင်ကိုင်ဆောင်ခွင့် ရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ မှန်၊ မမှန် ကြပ်မတ်စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တရားမဝင်ကတ်များကို ပယ်ဖျက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ ပုံစံ ၆၆/၆ များကိုလည်း စိစစ်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ဆန္ဒမဲပေးရာတွင် သန့်ရှင်းလွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News