၁၂. ၁၁. ၂၀၂၃
Written by Phyo Wei

တစ်နှစ်ကို ဒေါ်လာ ၆၅ သန်းဖိုးလောက် တင်သွင်းနေရတဲ့ စက်ဘီး၊ ဆိုင်ကယ် တာယာကျွတ်တွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့အတွက် တိုက်တွန်းလာတဲ့ ဒီရက်သတ္တပတ်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတဲ့ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းက ပို့ကုန်၊ သွင်းကုန် လိုင်စင်ခွင့်ပြုချက်ရရှိထားတဲ့ ကုန်ပစ္စည်းတွေကို မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်း နယ်စပ်တွေက ကုန်သွယ်ရေးစခန်းတွေနဲ့ ပင်လယ်ရေကြောင်းက ပြောင်းလဲခွင့်ပြုပေးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်း ဆန်စပါးဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားအောင် မသင့်လျှော်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်နေသူတွေအန္တရာယ်က လျော့နည်းသွားစေဖို့နဲ့ စောင့်ကြည့်နိုင်ဖို့ ရည်ညွှန်းဆန်စျေးနှုန်းတွေ ထုတ်ပြန်ပေးခဲ့တာ၊ မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရုရှားဘက်က Evrofinance Mosnarbank ကိုရွေးချယ်ထားတာ၊ စက်သုံးဆီစျေးဆွဲတင်ချင်သူတွေနဲ့ လူတွေကြားကောလာဟလဖြန့်ပြီး စက်သုံးဆီဆိုင်တွေက ဆီရောင်းချမှုရပ်တာတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ လွှဲချလို့မရတော့တဲ့ မိုဘိုင်းငွေကြေး လိမ်လည်မှုအကြောင်းတွေ၊ ခုနစ်လအတွင်း သန်း ၅၀၀ ကျော်ပဲဝင်လာတဲ့ ရင်းနှီးမြှုပ်နှံ မှုအကြောင်းတွေနဲ့ ဖျက်ဆီးမှုတွေကြောင့် စီးပွားရေးတိုးတက်ဖို့ထက် ပြန်လည် ထူထောင်ရေးပဲလုပ်နေရတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

လွှဲချလို့မရတော့တဲ့ မိုဘိုင်းငွေကြေးလိမ်လည်မှု

အခုနောက်ပိုင်း Mobile Banking တွေ Pay တွေ သုံးစွဲမှုများပြားလာတာနဲ့အမျှ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေလည်း များပြားလာပေမဲ့ ဒီလိုမျိုးလိမ်လည်ခံရတာကို ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေက ရဲစခန်းလွှတ်၊ ရဲစခန်းက ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ ပြန်လွှတ်ဖြစ်နေတာတွေအတွက် လက်ရှိမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၃) နဲ့ ရဲစခန်းတွေ ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေ မဖြစ်မနေလုပ်ဆောင်ရမဲ့ စံလုပ်ငန်းဆိုင်ရာလမ်းညွှန်ချက် ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးလမ်းညွှန်ချက်ကြောင့် ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေ၊ ရဲစခန်းတွေဟာ Mobile Banking တွေ Pay တွေ လိမ်လည်ခံရလို့ ဆက်သွယ်တိုင်ကြားလာရင် အရင်ကလို ဘောလီဘောပုတ်မရတော့ဘဲ ငွေလိမ်ခံရပြီဆိုတာနဲ့ ဗဟိုဘဏ်ညွှန်ကြားစာအရ လိမ်လည်ခံရသူဟာ သက်ဆိုင်ရာ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးတဲ့ ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု ပေးတဲ့အဖွဲအစည်းကို ချက်ချင်းဆက်သွယ် အကြောင်းကြားပြီး လိုအပ်တဲ့အချက်အလက်တွေ၊ လိမ်လည်ခံရတဲ့ဖြစ်စဥ်တွေ ပြောကြားပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ သွားရောက်အမှုဖွင့်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေရဲစခန်းဟာ ချက်ချင်း အမှုဖွင့်လှစ်ဆောင်ရွက်ပေးရမှာဖြစ်ပြီးတော့ အမှုဖွင့်လှစ်ပြီးတာနဲ့ သက်ဆိုင်ရာဘဏ်နဲ့ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုပေးတဲ့အဖွဲအစည်းကို ငွေလိမ်ခံရမှုတိုင်ကြားလာလို အမှုဖွင့်လှစ်ထားတယ်ဆိုတာကို အကြောင်းကြားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ရဲစခန်းက အကြောင်းကြားလာချိန်မှာ ဘဏ်နဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲအစည်းက မှန်ကန်မှုရှိမရှိ ချက်ချင်းစစ်ဆေးပေးပြီး မှန်ကန်တယ်ဆိုရင် ချက်ချင်းအကြောင်းကြားရမှာပါ။ ပြီးရင် လိမ်လည်တယ်လို့ သံသယရှိသူနဲ့ဆက်နွှယ်တဲ့သူတွေရဲ့ငွေစာရင်းတွေကို ယာယီတားဆီးတာကို ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေက ၇၂ နာရီကြာ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ စာရင်းယာယီတားဆီးထားတဲ့ ၇၂ နာရီ နောက်ပိုင်းကစ အမှုရဲ့ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်၊ ထပ်မံသိရှိရတဲ့ အချက်အလက်အပေါ်မူတည်ပြီး လိုအပ်ရင် အမှုပြီးပြတ်တဲ့အထိ ဆက်လက်ဆောင်ရွက်ဖို့၊ လိမ်လည်ခံရသူက ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းက အကြောင်းကြားမလာရင် ယာယီတားဆီးတဲ့ ငွေစာရင်းတွေကို ၇၂ နာရီ နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးဖို့ ညွှန်ကြားလိုက်တာဖြစ်လို့ ဒီလိုမျိုး စနစ်တကျလမ်းညွှန်ချက်ထုတ်တာဟာ နောက်ကျတယ်ဆိုပေမဲ့လည်း လုပ်ဆောင်ပေးတာကပဲ လိမ်လည်ခံရသူတွေ Mobile Banking တွေ Pay တွေ သုံးစွဲသူအဖို့ တော်သေးတယ် ပြောရမှာပါ။

ခုနစ်လအတွင်း သန်း ၅၀၀ ကျော်ပဲဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၈ ဘီလျံ၊ ၉ ဘီလျံလောက် ဝင်ခဲ့ရာက NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ဘင်္ဂါလီပြဿနာကို မြန်မာ့နယ်စပ်အရေးဆိုတဲ့ပုံစံထက် ကမ္ဘာ့လူ့အခွင့်အရေးအသွင် ဆွဲသွင်းခဲ့တာကြောင့် တဖြည်းဖြည်းကျဆင်းလာတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟာ ၂၀၂၁ အရေးအခင်းမှာတော့ အလုံးစုံပျက်သုဉ်းစေချင်သူတွေက တာဝန်ယူ၊ တာဝန်ခံတဲ့လုပ်ငန်းတွေ မြန်မာပြည်တွင်းက မထွက်ထွက်အောင် ဖိအားပေးတာ၊ အမေရိကန်ပိတ်ဆို့တာ၊ တရုတ်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို NLD ၊ NUG နဲ့ PDF တွေ တိုက်ခိုက်ဖျက်ဆီးတာကြောင့် အခု ၂၀၂၃- ၂၀၂၃ ဘဏ္ဍာနှစ် ခုနစ်လမှာဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟာ ဒေါ်လာ သန်း ၆၀၀ တောင် မပြည့်တော့ပါဘူး။

ဒီနေရာမှာ FDI တွေ ကျသွားပြီဆိုပြီး ဂုဏ်ယူနေနိုင်သူတွေ ရှိပေမဲ့လည်း နာမည်ပျက်တွေနဲ့ ရှေ့ဆက်နေရမှာက အစိုးရတစ်ရပ်မဟုတ်ဘဲ မြန်မာနိုင်ငံဖြစ်ခဲ့ရပြီဆိုတဲ့ ပုံရိပ်ပါ။ အစိုးရတစ်ရပ်ဟာ တစ်ချိန်မှာတော့ တာဝန်ကို စွန့်ခွာရမှာဖြစ်ပြီး အမြဲတမ်းရှိနေမဲ့ မြန်မာနိုင်ငံကတော့ ဒီနိုင်ငံက လူတွေက FDI တွေကို တိုက်ခိုက်ဖျက်ဆီး ဆန္ဒပြဖို့ပဲသိတာ။ အာဏာသိမ်းရင်တောင် စီးပွားရေးလုပ်ငန်းတွေ ရန်မရှာတဲ့ ထိုင်းလိုနိုင်ငံမျိုးပဲ မြှုပ်နှံကြဆိုတာမျိုး၊ ဘင်္ဂလားဒေ့ရှ်တို့၊ ဗီယက်နမ်တို့ သွားပါဆိုတာမျိုးနဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေကြားမှာ အသိဉာဏ်မဲ့ အဖျက်အမှောင့်သမားတွေကြောင့် မြန်မာက နာမည်ပျက်ရပြီး ဒီလိုမျိုးပျက်သွားတဲ့ နာမည်ကောင်းဟာ လူထုလိုလားသူဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အာဏာရချိန်မှာတောင် FDI ကျဆင်း၊ အမေရိကန်ကတောင် လာမမြှုပ်နှံတာတွေ သင်ခန်းစာယူချိန်တန်ချေပြီလို့ပဲ အသိပေးရမှာပါ။

ဖျက်ဆီးမှုတွေကြောင့် စီးပွားရေးတိုးတက်ဖို့ထက် ပြန်လည်ထူထောင်ရေးပဲလုပ်နေရတဲ့နိုင်ငံ

လမ်းတံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေ၊ ပြည်သူပိုင် အဆောက်အအုံတွေကို အကြမ်းဖက် သမားတွေက ဖျက်ဆီးခဲ့တာကြောင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် သုံးရမယ့်ဘဏ္ဍာငွေတွေကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးတွေမှာ သုံးခဲ့ရလို စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရဖြစ်နေတယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ကြည့်မယ်ဆိုရင် ပြည်တွင်းစီးပွားရေးနဲ့ ပြည်ပစီးပွားရေး နှစ်ခုရှိပြီး ကိုဗစ်ကာလအတွင်းမှာ ကုန်ထုတ်လုပ်မှုတွေ အားနည်းခဲ့တဲ့အပြင် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းရပ်တွေလည်း အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ အလားတူ ပြည်ပနိုင်ငံကြီးအချို့ရဲ့ ဘက်ပေါင်းစုံကနေ ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် ပြည်တွင်းပြည်ပ ကုန်သွယ်ရေးတွေကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွား တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။

ဒီလိုဝိုင်းဝန်းပိတ်ဆို့မှုတွေ ဖျက်လိုဖျက်ဆီး လုပ်မှုတွေကြားကနေပဲ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်လာအောင် ကြိုးပမ်းခဲ့တာဖြစ်လို့ ၂၀၁၉-၂၀၂၀ မှာ နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းကနေ ၂၀၂၁-၂၀၂၂ မှာတော့ အပေါင်း ၃ ရာခိုင်နှုန်းကျော် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကာလတွေအတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးမှုတွေမရှိရင် ပြန်လည်ထူထောင်ရေးထက် နိုင်ငံ့စီးပွားရေး တိုးတက်ဖို့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါသေးတယ်။

စာရင်းတွေအရလည်း NLD NUG နဲ့ PDF တွေ ဖျက်ဆီးထားတဲ့ ကျောင်းနဲ့ အစိုးရရုံးထောင်နဲ့ချီ ရှိနေသလို လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်နဲ့ မိုဘိုင်းတာဝါတိုင်တွေ၊ ရထားလမ်း၊ ကားလမ်းတွေ၊ လ၀ကရုံးတွေကို မီးရှို့ဖျက်ဆီးထားကြလို့ အဲဒီလို ထောင်နဲ့ချီဖျက်ဆီးခံရမှုတွေကို နောက်ကနေလိုက်ပြီး ပြင်ဆင်ရတဲ့အခါမှာ ဘီလျံထောင်ချီ နိုင်ငံကနစ်နာရသလို အဲဒီလိုမျိုး ဖျက်ဆီးမှုတွေကို ဆင့်ကဲဆင့်ကဲလုပ်နေတာကြောင့်လည်း တိုင်းပြည်နဲ့ ပြည်သူကပဲ နစ်မွန်းပြီးရင်း နစ်မွန်းနေတာတွေကို စိတ်မကောင်းစွာမြင်နေရတာမို့လို့ အစိုးရတစ်ရပ်မကျေနပ်တာကြောင့် အဖျက်အမှောင့်တွေလုပ်နေတာကို ရပ်တန်းက ရပ်ချိန်တန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News