၁၂ . ၁၁. ၂၀၂၃

Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက် 77 hot News မီဒီယာကဖော်ပြထားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရဲအရာရှိများသည် နိုဝင်ဘာ ၁၀ ရက်နေ့က Mae Pa ဒေသ အမှတ် ၁၀ ကျေးရွာအနီးရှိ Santitham ဘုရားကျောင်းအနီးတွင် မြန်မာနိုင်ငံသား လူငယ်အုပ်စုက အခြားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် သေနတ်ဒဏ်ရာကြောင့် စိုးရိမ်ရဖွယ်ရှိသည့် ဒဏ်ရာရရှိခဲ့သော မြန်မာနိုင်ငံသားကို မဲဆောက်ဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ရာ လမ်းတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။ မဲဆောက်ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုကျူးလွန်ခဲ့သူအဖြစ် သံသယရှိသည့် မြန်မာနိုင်ငံသားလူငယ်အုပ်စုကို ဖမ်းဆီးနိုင်ရန် စစ်ဆေးရှာဖွေခဲ့ရာ မဲဆောက်မြို့ မြူနီစပယ်အရပ်ဒေသရှိအိမ်တစ်အိမ်တွင် သံသယရှိသည့် မြန်မာနိုင်ငံသား သုံးဦးကို ပစ်ခတ်မှုကျူးလွန်ခဲ့သောသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 400452118_636625038643567_8927596003909513281_n.jpg

မဲဆောက်မြို့ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားသုံးဦးကို သေနတ်အပြင် ကျည်ဆံများ၊ ခိုးယူထားသော ဓားတစ်ချောင်းနှင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သူသုံးဦးအနက်တစ်ဦးက ကျူးလွန်သူဖြစ်ပြီး အခြားနှစ်ဦးကမျက်မြင်သက်သေဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကို သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုအပြင် မဲဆောက်မြို့ရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်နေ့တစ်ရက်တည်းတွင် Mae Pa ဒေသ အမှတ် ၁၀ ကျေးရွာအနီးရှိ တဲတစ်ခုအနီးတွင် ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၄၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားမောင်ထီးဆိုသူကို ဓားဒဏ်များဖြင့်တွေ့ရှိခဲ့ကြောင်း၊ ၎င်းကို ဆေးရုံတင်ပို့ခဲ့ပြီးနောက် ကျူးလွန်သူကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ အသက် ၃၀ အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည်အရက်သောက်ရာမှ ရန်ဖြစ်အငြင်းပွားပြီး ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။

Ref; 77 hot news

Leave a Reply

Your email address will not be published. Required fields are marked *

Related News