၃၀ . ၁၀. ၂၀၂၃
Written by Phyo Wei

မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး အစီအစဉ်နဲ့ ရုရှား ခရီးသွားနယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံဆီ ရောက်ရှိလာပြီး ထင်ရှားတဲ့နေရာတွေကို သွားရောက်လည်ပတ်နေတဲ့ ရက်သတ္တပတ်မှာ မြန်မာနိုင်ငံအနှံ့ အပြားက ပွဲတော်တွေ စတင်ဖွင့်လှစ်နေသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေအရှိန်မြှင့်လာပြီး လက်နက်ကိုင်တွေက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာကြောင့် နိုင်ငံတစ်ဝန်းမှာ ခရီးသွားဖို့ဆိုတာ တော်တော့်ကို စဉ်းစားရတဲ့အခြေအနေဖြစ်လာပါတယ်။

တစ်ဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အထူးအခွင့်အရေးပေးမယ်ဆိုတဲ့သတင်း ထုတ်ပြန်ထားပေမဲ့ ထူးခြားမှုမရှိသေးသလို ပို့ကုန်ရငွေအပေါ် ၁၀၀ ရာခိုင်နှုန်းလိုလို တင်းကျပ်ထားသလိုဖြစ်နေတာကိုလည်း ဖြေလျှော့ပေးဖို့ တင်ပြကြပေမဲ့ ထူးခြားမှုမရှိသေးတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဖွံ့ဖြိုးလာတဲ့ ဆက်သွယ်ရေးလုပ်ငန်း အခြေအနေတွေ၊ ရပ်ဆိုင်းသွားတဲ့ကုန်သွယ်မှုအခြေအနေတွေနဲ့ ထူးထူး ခြားခြား ရန်ကုန်မှာဖမ်းမိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းအကြောင်းကို တင်ပြချင်ပါတယ်။

ဖွံ့ဖြိုးလာတဲ့ ဆက်သွယ်ရေး

နိုင်ငံရေးအငြင်းပွားမှုတွေ စီးပွားရေးစိန်ခေါ်မှုတွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းဈေးကွက်ဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်လက်ရှိနေမယ်လို့ သြစတြေးလျအခြေစိုက် စီးပွားရေးသုတေသီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Idem Est Research & Advisory က သုံးသပ်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစီမံကိန်းအားလုံးဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၃၀ အတွင်း နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ပျမ်းမျှတိုးတက်ဖွယ်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၃ ဘီလျံအထိ ဖွံ့ဖြိုးတိုးတက်လာဖွယ်ရှိနေတယ်လို့ သုံးသပ်ထားတာပါ။ လက်ရှိအချိန်မှာ Fixed Broadband တပ်ဆင်မှု ၆ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသေးပေမဲ့လည်း Fixed Broadband Subscribers အရေအတွက်ဟာ နှစ်စဉ် ၂၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေပြီး ၂၀၃၀ မှာ ၂ ဒသမ ၈ သန်းအထိ မြင့်တက်လာဖွယ် ရှိနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အသုံးပြုနေတဲ့ မိုဘိုင်းတာဝါတိုင်အားလုံးရဲ့ ၅၆ ရာခိုင်နှုန်းကို ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီတွေက ပိုင်ဆိုင်ကြပြီး ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းဝင်ငွေကလည်း ၂၀၃၀ အထိ နှစ်စဉ် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးလာဖွယ်ရှိနေပါတယ်။

“၂၀၂၁ ခုနှစ်မှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဈေးကွက် အခြေအနေတွေဟာ မရေမရာမှုတွေကြားကနေ ဖွံ့ဖြိုးမှုတွေနဲ့ တည်ငြိမ်နေဆဲဖြစ်ပါတယ်။ ၂၀၃၀ မှာ မြန်မာနိုင်ငံမှာ Mobile Subscribers အရေအတွက် ၇၇ သန်းအထိ ရောက်ရှိလာဖွယ်ရှိပါတယ်။ Fixed Broadband ဈေးကွက်ကလည်း ဆက်လက်တိုးတက်လာဖွယ်ရှိနေပြီး အိမ်ထောင်စုတွေကြား ပိုမိုတပ်ဆင်လာဖွယ် ရှိနေပါတယ်”လို့ Idem Est Research & Advisory က ဒါရိုက်တာ Landry Fevre က သုံးသပ်ပါတယ်။

ဆက်သွယ်ရေးကွန်ရက်ပြိုပျက်အောင် တာဝါတိုင်တွေဖျက်ဆီးပြီး အစိုးရပိုင်အဆောက်အအုံတွေ ပြိုပျက်အောင်ထိုးနှက်နေတဲ့ကြားက ဆက်သွယ်ရေးကဏ္ဍတိုးတက်နေမှုက အံ့မခန်းဖြစ်နေတာကိုလည်း တွေ့ရသလို ဒီလိုမျိုးတိုးတက်မှုက နိုင်ငံ့ကို အလုံးစုံပျက်သုဉ်းစေချင်သူတွေအတွက်တော့ မကျေမနပ်ဖြစ်ချင်စရာပါပဲ။

ရပ်ဆိုင်းသွားတဲ့ကုန်သွယ်မှု

မြောက်ပိုင်းသုံးဖွဲ့က တိုက်ပွဲတွေ စတင်လိုက်ချိန်မှာ ပထမဆုံးထိခိုက်တာက ပြည်သူနဲ့ မြို့ရွာတွေအပြင် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့သွားသလို မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်လည်း ရပ်ဆိုင်းသွားပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ တစ်ရက်ကို မြန်မာနိုင်ငံက တင်ပို့တဲ့ ပို့ကုန်ပစ္စည်း ကုန်ကားအစီးရေ ၅၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံဘက်က တင်သွင်းတဲ့ သွင်းကုန်ပစ္စည်း ကုန်ကားအစီးရေ ၁၀၀ ဝန်းကျင် စုစုပေါင်း ကုန်ကားအစီးရေ ၁၅၀ ဝန်းကျင် ကုန်သွယ်မှုဆောင်ရွက်နေတဲ့ ကုန်သွယ်ရေးဇုန်ပါ။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း မြ၀တီကုန်သွယ်ရေးဇုန်ကို KNU နဲ့ ကော်ဘရာစစ်ကြောင်းက ဝင်ရောက်ပစ်ခတ်လို့ နိုင်ငံ့ဝန်ထမ်းတွေ ပြည်သူတွေ ဆယ်နဲ့ချီသေကြေပြီး ဖမ်းဆီးခံရသလိုမျိုး ဖြစ်နေနိုင်တဲ့အခြေအနေမှာ မူဆယ် ၁၀၅ မိုင်ဇုန်က ဝန်ထမ်းတွေ အလုပ်မဆင်းနိုင်တော့သလို ချင်းရွှေဟော်ဘက်မှာလည်း လုံး၀ရပ်ဆိုင်းနေပါပြီ။

မြန်မာနိုင်ငံနဲ့ တရုတ်ကြားနယ်စပ်ကုန်သွယ်မှုဟာ အဓိကကုန်သွယ်လမ်းကြောင်းက ချင်းရွှေဟော်ဖြစ်ပြီး လက်ရှိကုန်သွယ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရှိနေတာပါ။ အခုတော့ ချင်းရွှေဟော်ဟာ MNDAA ရဲ့ ထိန်းချုပ်မှုအောက် အလုံးစုံရောက်သွားပြီလို့ ထုတ်ပြန်သတင်းတွေရှိနေသလို ၁၀၂၇ စစ်ဆင်ရေးမှာလည်း လခရတွေရော နိုင်ငံ့ဝန်ထမ်းတွေကိုပါ သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေ ထွက်နေတာနဲ့ တိုက်ပွဲတွေကြောင့် ဒီချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းဟာ ကာလရှည်ကြာ လုံး၀ ရပ်ဆိုင်းဖို့ အသေအချာဖြစ်နေပါပြီ။

ရန်ကုန်မှာဖမ်းမိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်း

ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်တွေ ရှာဖွေစုဆောင်းပြီး အွန်လိုင်းလိမ်လည်သူတွေထံ ပြန်လည်ရောင်းချတဲ့ တာမွေနဲ့ အင်းစိန်မြို့နယ်က တရားခံ ၉၅ ဦး ဖမ်းမိခဲ့ပြီး တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ အောက် တိုဘာ ၂၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ် (S-19) မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ Supportfix ကုမ္ပဏီကို သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ ဇူကျန်း (ခ) လောက်ဖ၊ ၃၄ နှစ်၊ (ဘ) ဦးလောက်ရှီးအပါအဝင် တရားခံ ကျား ၆၆ ဦး၊ မ ၂၂ ဦး စုစုပေါင်း ၈၈ ဦးတို့ကို ပြည်ပနိုင်ငံသားတွေရဲ့ အချက် အလက်တွေစုဆောင်းပြီး ငွေကြေးလိမ်လည်နိုင်ရေးဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရရှိခဲ့တာပါ။ ဆက်လက်ဖော်ထုတ်မှုတွေအရ လှိုင်မြစ်လမ်းက Spring Line ကွန်ဒို၊ (၅) လွှာ၊ အခန်း (၅၀၁) ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ချိန် ကျန်းယွိ၊ ၃၀ နှစ်၊ (ဘ) ဦးကျော်ရုံရွှန်းအပါအဝင် ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးကို ဆက်လက်ဖမ်းမိတာပါ။

အွန်လိုင်းကလိမ်လည်တဲ့ ကျားဖြန်ဂိုဏ်းတွေဟာ နယ်စပ်ဘက်မှာ အခြေစိုက်တယ်ဆိုပေမဲ့ ရန်ကုန်မြို့မှာလည်း ရုံးခွဲတွေဖွင့်လှစ်ပြီး လိမ်လည်နေတာ အများအပြားရှိနေတာဖြစ်ပြီး လက်ရှိ ၉၅ ဦးဖမ်းမိတာက ရန်ကုန်မြို့မှာ ပထမဆုံးလို့ပြောရမှာပါ။ ဒါတောင် အဓိကခေါင်းဆောင် တွေက လွတ်သွားပါသေးတယ်။ တစ်ဖက်မှာလည်း ဒီကျားဖြန်တွေကြောင့် နိုင်ငံ့သိက္ခာကျရသလို မြောက်ပိုင်းသုံးဖွဲ့ ထ တိုက်ခိုက်မှုမှာလည်း ကျားဖြန်ကို အကြောင်းပြ စွပ်စွဲတာတွေပါ ပါနေတာကို တွေ့ရပါတယ်။ တကယ်တော့ နိုင်ငံ့သိက္ခာကျဆင်းစေတဲ့ ကျားဖြန်တွေကို ထိထိရောက်ရောက်နှိမ်နင်းရမှာဖြစ်ပြီး ဒီလိုမျိုး နှိမ်နင်းရာမှာ နယ်မြေဒေသချန်လှပ်လို့မရဘဲ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖြေရှင်းဖို့လိုနေတာပါ။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံဘက်ကို ကျားဖြန်လူလိမ်တရုတ်တွေ ၅၀၀၀ လောက် လွှဲပေးထား၊ ၀နဲ့ ကိုးကန့်ဘက်ကထိပ်ပိုင်းတွေအထိ တရုတ်ကဆင်းဖမ်းထားပြီး ပြည်နယ်တစ်ခုကို ထိန်းချုပ်တဲ့ပုံစံ ကိုင်တွယ်ခံနေရတယ်လို့ ISP အပါအဝင် အမေရိကန်လိုလားတဲ့အဖွဲ့အစည်းတွေက ဝေဖန်ကြတာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအတွက်တော့ အဆင်မပြေပါဘူးလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News