၃၀.၁၀.၂၀၂၃.
Translated by Htwe Ko Tun

မကြာမီက အမေရိကန်အစိုးရနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်က အမေရိကန်နဲ့အစ္စရေးတို့ကို ဂါဇာဆီမြေပြင်ထိုးစစ်တိုးချဲ့လာမှုက အကြမ်းဖက်မှုသံသရာကို ပိုမိုရှည်ကြာစေမှာဖြစ်တယ်လို့ သတိ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားဘင်ဆာလ်မန်က အမေရိကန်အထက်လွှတ်တော်အမတ် ၁၀ ဦးနဲ့ ပြီးခဲ့တဲ့အပတ်က ရီးယာ့ဒ်မြို့မှာတွေ့ဆုံခဲ့ရာမှာ ပါလက်စတိုင်းအရပ်သားပြည်သူတွေကို ကာကွယ်ဖို့ သူ့အနေနဲ့အထူးစိုးရိမ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်တွေက အစ္စရေးတပ်ဖွဲ့တွေရဲ့ ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ်ဆင်နွှဲခြင်းက ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေကာ လူ့အသက်များစွာဆုံးရှုံးစေလိမ့်မှာဖြစ်လို့ ရှောင်ရှားသင့်တယ်လို့ အိမ်ရှေ့မင်းသားက ပြောခဲ့တယ်လို့ ဆိုကြပါတယ်။

ဒါ့ပြင် ဘင်ဆာလ်မန်က အစ္စရေးရဲ့ ဂါဇာမြေပြင်ထိုးစစ်ဟာ အကြမ်းဖက်လုပ်ဆောင်မှုတစ်ရပ်အဖြစ် သူ့အနေနဲ့ သိနားလည်ကြောင်းပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆော်ဒီအာရေဗျအစိုးရအနေနဲ့လည်း ဟားမားစ်တို့ရဲ့တိုက်ခိုက်မှုတွေ အောက်တိုဘာ ၇ ရက်မှာစတင်တဲ့အထိ ဆော်ဒီနဲ့ အစ္စရေးအကြား ပုံမှန်ဆက်ဆံရေး သဘောတူညီချက်တစ်ရပ်ချုပ်ဆိုနိုင်ဖို့ အလွန်နီးကပ်တဲ့ အခြေအနေကိုရောက်နေခဲ့တာ ဖြစ်ပါတယ်။ အခုလို အစ္စရေး-ဟာမားစ်စစ်ပွဲစတင်ဖြစ်ပွားလာခဲ့ခြင်းက ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့အကြား အောင်မြင်လုဆဲဖြစ်နေတဲ့ ပုံမှန်ဆက်ဆံရေး သဘောတူညီချက်တစ်ရပ်ချုပ်ဆိုနိုင်ဖို့ကို ကြားဖြတ်ဟန့်တားသလို ဖြစ်ခဲ့ရပါတယ်။

အစ္စရေးရဲ့ ဂါဇာဒေသ မြေပြင်စစ်ပွဲကိုစိုးရိမ်မိတယ်ဆိုတာ ဆော်ဒီအာရေဗျတစ်နိုင်ငံတည်းက ပြောလာတာမဟုတ်ပါဘူး။ အခြားသောအာရပ်နိုင်ငံများဖြစ်တဲ့ အီဂျစ်နဲ့ ဂျော်ဒန်တို့ကလည်း ဒီလိုအစ္စရေးရဲ့ကျူးကျော်စစ်ကြောင့် သူတို့နိုင်ငံတွေထဲ ဒုက္ခသည်တွေအလုံးအရင်းနဲ့ဝင်ရောက်လာမှာ စိုးရိမ်မိတယ်လို့ပြောခဲ့ကြပါတယ်။

ဒါပေမယ့် အစ္စရေးဘက်ကတော့ ဂါဇာဒေသနဲ့အနောက်ဘက်ကမ်းဒေသကို မြေပြင်စစ်ပွဲဆင်နွှဲသွားမယ်ဆိုတဲ့ အစီအစဉ်ကို အလျှော့မပေးတော့ပါဘူး။ ဂါဇာမှာ ဟားမားစ်ပစ်မှတ် ၆၀၀ ခန့်ကို အစ္စရေးတပ်ဖွဲ့တွေက ချေမှုန်းခဲ့တယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံအတွင်းကိုလည်း အစ္စရေးက တိုက်ခိုက်မှုတွေပြုခဲ့ပါတယ်။

ဒီမှာ လက်ဘနွန်နိုင်ငံမှာအခြေစိုက်နေတဲ့ အီရန်လိုလားတဲ့ ဟစ်ဇ်ဘိုလာအုပ်စုကလည်း အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်လာပါတယ်။ ဒါ့ပြင် အစ္စရေးရဲ့မြေပြင်ထိုးစစ်ကိုဆန့်ကျင်နေတဲ့ နေတိုးအဖွဲ့ဝင်တူရကီနဲ့ အီရန်တို့လည်း ဒီပဋိပက္ခမှာ ပူးပေါင်းပါဝင်မလာဖို့ ဆုတောင်းရမှာပါ။

အောက်တိုဘာ ၂၈ ရက်မှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကိုယ်တိုင်က စစ်ပွဲရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မြေပြင်ထိုးစစ်ကို ရောက်နေပြီဖြစ်ကြောင်းနဲ့ စစ်ပွဲက ကြာရှည်ပြင်းထန်မယ်လို့ ဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့အကြား စတင်ခဲ့တဲ့ပဋိပက္ခက အခုဆိုရင်အနောက်ဘက်ကမ်းဒေသ၊ ဆီးရီးယားနိုင်ငံတို့အထိ ရောက်ခဲ့ရပါပြီ။ ဒီပြင် ဒေသတွင်းဘယ်နေရာတွေကို စစ်မီးပျံ့နှံ့ဦးမလဲ၊ ဘယ်နိုင်ငံတွေပါ ပါဝင်လာပြီး ပိုမိုကျယ်ပြန့်လာမလဲ၊ စိုးရိမ်ဖွယ်ရာဖြစ်နေရပါတယ်။

Ref—–Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *