၃၀.၁၀.၂၀၂၃
Written By Thandar

MRTV-4 ရုပ်သံလိုင်းတွေကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် သရုပ်ဆောင် ဟန်ထူးဈာန်က “ရေနံ့သာခင်ခင်ကြီး” ဇာတ်လမ်းတွဲမှာ ရေနံ့သာခင်ခင်ကြီးရဲ့ချစ်သူ မောင်မောင်ဦးအဖြစ် ပါဝင်ထားပေမဲ့ တစ်သားတည်းကျနေချင်မှ ကျနေပါလိမ့်မယ်လို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော်က အလုပ်တစ်ခုကိုလုပ်ရင် ဘယ်တော့မှပရိသတ်ကို ကြိုတင်ပြီး အသိပေးလေ့မရှိဘူး။ ထွက်လာမှသာ ပရိသတ် အံ့အားသင့်သွားအောင် လုပ်တာပါ။ အခုကတော့ ပရိသတ်တွေကို Surprise တိုက်လိုက်ပါပြီ။ ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်၊ လေးနှစ်ကျော်လောက်ကတော့ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲ ထွက်ပါပြီ။ အဲဒီဇာတ်လမ်းတွဲကတော့ ရေနံသာခင်ခင်ကြီး ဝတ္ထုကို ပြန်ရိုက်ထားတာပါ၊ ကျွန်တော်က ရေနံသာခင်ခင်ကြီးရဲ့ချစ်သူ မောင်မောင်ဦးနေရာကနေ ရိုက်ထားပါတယ်။ တော်တော်လေးကို ဆိုးတဲ့ ကောင်လေးတစ်ယောက်ပါ။ အပြင်ကာရိုက်တာနဲ့မတူပေမယ့် အများကြီးကို ကြိုးစားပြီး သရုပ်ဆောင်ထားတယ်”လို့ သရုပ်ဆောင် ဟန်ထူးဈာန်က ပြောပါတယ်။

သုံးနှစ်ကြာရိုက်ကူးခဲ့ပြီးနောက် ဇာတ်လမ်းတွဲအနေနဲ့ မြင်တွေ့ရတော့မယ့် ရေနံသာခင်ခင်ကြီး ဇာတ်လမ်းတွဲမှာ ရေနံသာခင်ခင်ကြီးနေရာကို ဝေလာရီ၊ မောင်မောင်ဦးနေရာကို ဟန်ထူးဈာန်က ပါဝင်ထားသလို အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီစိုးမြတ်နန္ဒာတို့က ပါဝင်သရုပ်ဆောင်ထားကြပြီး မကြာမီကာလအတွင်း ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

မောင်သိန်းဆိုင်ရဲ့ နာမည်ကျော် လူကြိုက်များတဲ့ဝတ္ထုဖြစ်တဲ့ ရေနံသာခင်ခင်ကြီးဝတ္ထုကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ အကယ် ဒမီ ဇော်မြင့်ဦး ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲက တကယ့်ကိုလည်းပဲ အရမ်းနာမည်ကြီးတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် တစ်ခုခုလွဲမှာ စိုးရိမ်တယ်။ ကျွန်တော့်အနေနဲ့ မောင်မောင်ဦးအနေနဲ့ ဒီဇာတ်လမ်းကို ဖတ်တဲ့အချိန်မှာ ဒီနေရာကို ကိုယ်အတွေးချဲ့ထားတာ တစ်မျိုး၊ ဒါပေမယ့် အပြင်မှာ မရနိုင်တာလည်း ရှိခဲ့တယ်။ လူတွေက အတ္တတွေနဲ့ ဖန်တီးကြတာဖြစ်တဲ့အတွက်ကြောင့် ဒီဝတ္ထုကို ဖတ်ပြီးတဲ့အချိန်မှာ ပရိသတ်တွေက ကိုယ့်စိတ်ကူးနဲ့ ဖန်တီးထားတာဖြစ်တဲ့အတွက် ကျွန်တော်က မောင်မောင်ဦးနဲ့ တစ်သားတည်းကျနေချင်မှ ကျနေပါလိမ့်မယ်။ဒီဇာတ်ကောင်အတွက် ခန္ဓာကိုယ် ဝိတ်တွေကိုချခဲ့ရပါတယ်။ အဲဒီအခါကျရင်လည်း အားလုံးနားလည်ပေးကြပါ၊ ကျွန်တော့်အနေနဲ့ ပရိသတ်များ အားပေးရကျိုးနပ်အောင် များစွာကြိုးစားထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။

မကြာခင် အဆိုပါဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမယ့်အကြောင်း ကြေညာချိန်မှာ အားပေးကြတဲ့ ပရိသတ်တွေလည်းရှိသလို ဝေဖန်မှုတွေလည်း များခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *