၃၀. ၁၀. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံ Sungai Koyan ပြည်နယ် Jelai သစ်တောကြိုးဝိုင်းအနီးရှိ အနက် ၂၀ မီတာရှိချောက်ထဲသို့ ပြီးခဲ့သောရက် ပိုင်းက သစ်လုံးတင်ကားတစ်စီးထိုးကျသွားခဲ့ရာ မြန်မာနိုင်ငံသား ကားမောင်းသမားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူကားမောင်းသမားသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကာ အသက် ၄၀ အရွယ်ရှိပြီး ကုလသမဂ္ဂဒုက္ခသည်အေ ဂျင်စီ(UNHCR) က ထုတ်ပေးထားသည့် အသိအမှတ်ပြုကိုင်ဆောင်ထားသူဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောသည်။

မြန်မာနိုင်ငံသားမောင်းနှင်သော သစ်လုံးတင်ကားသည် သစ်လုံးများတင်ဆောင်ပြီးနောက် သစ်တောအတွင်းမောင်းနှင်ချိန်တွင် လမ်းချော်ကာ အနက် ၂၀ မီတာရှိချောက်ထဲကို ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ လီပစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Azli Mohd Nor က ပြောသည်။

၎င်းက “သေဆုံးသွားသူဟာ အလွန်းအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်တယ်။ သစ်လုံးတင်ကားဟာ သစ်လုံးတွေတင် ဆောင်ပြီးနောက် တောင်စောင်းနားကိုမောင်းနှင်ချိန်မှာ လမ်းချော်ပြီး ချောက်ထဲကျသွားခဲ့တာပါ။ ကားဟာ ဘရိတ်ကို ထိန်းမရဘဲ ချောက်ထဲကို ကျသွားတာမျိုးဖြစ်နိုင်တယ်။ ကားသမားဖြစ်တဲ့ မြန်မာနိုင်ငံသားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ကားထဲမှာပဲ ပိတ်မိသေဆုံးသွားခဲ့တယ်။ သူရဲ့ရုပ်အလောင်းကို လီပစ် Lipis ဆေးရုံကို တင်ပို့ထားပါတယ်”ဟုပြောသည်။

သေဆုံးခဲ့သော မြန်မာနိုင်ငံသားသည် အဆိုပါသစ်တောနားရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်း၏ အဆောက်အဦတွင်နေထိုင်သူဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ ချောက်ထဲသို့ကျသွားသောကားသည် ဆိုးရွားသောထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီး ကားရှေ့ဘီးများလည်း ပြုတ်ထွက်ခဲ့ကြောင်း လီပစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News