၃၀. ၁၀. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ Samut Songkhram ပြည်နယ်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၄ ဦးသည် ထိုင်းအလုပ်ရှင်၏ ရိုက်နှက်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၅ ဦးပါဝင်သော မြန်မာအလုပ်သမား ၁၄ ဦးသည် ထိုင်းအလုပ်ရှင်ထံမှ ပေးချေမှုမရှိသေးသော လုပ်ခလစာတောင်းဆိုရာမှ ထိုင်းအလုပ်ရှင်နှင့် အပေါင်းပါများက အောက်တိုဘာ ၂၉ ရက်နေ့တွင် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ရာ မြန်မာအလုပ်သမားသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်ရှင်၏ တိုက်ခိုက်ခံရခြင်းကြောင့် အုန်းခြံများတွင် ပုန်းအောင်းနေထိုင်ခဲ့ရကြောင်း သိရသည်။ မြန်မာအလုပ်သမား ၁၄ ဦးသည် ထိုင်းအလုပ်ရှင်၏ ရိုက်နှက်ခြင်းခံရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Samut Songkhram ပြည်နယ် အလုပ်သမားရေးရာဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးခဲ့ကာ မြန်မာအလုပ်သမားများကို အကူအညီများပေးထားကြောင်း သိရသည်။

ထိုင်းအလုပ်ရှင်နှင့်အပေါင်းအပါများ၏ တိုက်ခိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ်ရှိ မဒါးဒါး၊ အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဇော်နိုင်ထွန်း၊ အသက် ၃၇ နှစ်အရွယ်ရှိ အောင်နိုင်ထွန်းတို့ သုံးဦး ဒဏ်ရာများရရှိခဲ့ပြီး Napalai ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။ ထိုင်း Bang Khonthi ရဲစခန်းမှ တာဝန်ရှိသူများသည် အဆိုပါမြန်မာနိုင်ငံသားများကို ကနဦးစုံစမ်းစစ်ဆေးနေပြီး ထိုင်းရဲစခန်းတွင်နေထိုင်ရန် ကူညီပေးထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။

မြန်မာအလုပ်သမား ၁၄ ဦးက Bang Khonthi ပြည်နယ် Bang Yi Rong ဒေသရှိ အုန်းသီးသိုလှောင်ရုံတွင် အလုပ်လုပ်ခဲ့သူ များဖြစ်ကြောင်း၊ ရစရာရှိသောလုပ်ခကို အလုပ်ရှင်ထံ တောင်းဆိုရာမှ အလုပ်ရှင်၏ တိုက်ခိုက်ခြင်းကိုခံရခြင်းဖြစ်ကြောင်း ရဲစခန်းတွင် ထွက်ဆိုထားသည်။ အဆိုပါ ထိုင်းအလုပ်ရှင်ဖြစ်သူ Mrs. Sopa Liao သည် အလုပ်သမားများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းအတွက် အပြစ်ရှိနေကြောင်း၊ အလုပ်သမားများကို ကာလအတန်ကြာ လစာမပေးဘဲထားရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး အပြစ်တွေ့ရှိပါက ထပ်မံစွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Ref; MGRonline

Leave a Reply

Your email address will not be published. Required fields are marked *

Related News