◾ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ဖော်ပြ

၃၀.၁၀.၂၀၂၃
Written by Thuta Zaw

အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းပြီးနောက် ရက်ပေါင်း ၉၀ ခန့် အကြာတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ကာ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်သည်ဟု အောက်တိုဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

ထန်တလန်မြို့ကို ထိန်းချုပ်ထားသည့် ချင်းလက်နက်ကိုင်များဖြစ်သော CNF၊ CDF တို့ကို တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေး စစ်ဆေးရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလက စတင်ကာ မြို့လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ် ကြောင်းနှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် သာလွန်အင်အားဖြင့် ထန်တလန်မြို့ကို ဝင်ရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အတတ်နိုင်ဆုံး ကြံ့ကြံ့ခံခုခံခဲ့သော်လည်း ရာသီဥတုအခြေအနေနှင့် နယ်မြေအခြေ အနေအရ မြို့၏တောင်ဘက်အစွန်နေရာသို့ ခေတ္တ ခွာစစ်ဆင်ခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများက မြို့ကို ထိန်းချုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းပိတ်ဆို့ပြီး သီးမြစ်ချောင်းကူး တံတားအထိ ခြိမ်းခြောက်လာခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ဩဂုတ်လကာ စတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ လေးမိုင်ကွာသည် သီးချောင်းမြစ်ကူးတံတားအထိ ကနဦး ခြေကုပ်ရယူသိမ်းပိုက်ကာ ဒုတိယအဆင့်အနေဖြင့် အဆိုပါ တံတားကတစ်ဆင့် ထန်တလန်မြို့အဝင် နေရာအထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် စီဘီဘဏ် နေရာအထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးအဆင့်အဖြစ် ဆေးရုံကုန်းနှင့် အခြေခံ ပညာအထက်တန်းကျောင်းတို့ကိုလည်းကောင်း အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီး လူနေအိမ်များနှင့် အဆောက်အဦများ ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် အဆင့်ဆင့် ခြေကုပ်ရယူ၍ စနစ်တကျ တိုက်ခိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၉၀ ခန့်အကြာတွင် ယခုကဲ့သို့ တစ်မြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာ အဆောက်အဦများတွင် အုတ်များစီကာ ဘန်ကာသဖွယ် ပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများကို အပြင်းအထန်ပစ်ခတ်ခြင်းအပြင် ဒေသခံပြည်သူများကိုလည်း လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းနှင့်အညီ တိကျစွာ လိုက်နာပြီး အရပ်သားပြည်သူများ၊ အဆောက်အဦများ ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်ကာ ဆုတ်ခွာ ထွက်ပြေးသွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်နေကြောင်း သိရသည်။

CNF၊ CDF များသည် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့် စီးပွားရေးလုပ်ငန်းရုံးများ အပါ အဝင် အခိုင်အမာ လူနေအိမ်များ၏ ပရဝဏ်အတွင်း အုတ်စီဘန်ကာများ တည်ဆောက်ကာ အဆင့်ဆင့်ခုခံခြင်း၊ စာသင်ခန်းများအတွင်းရှိ စာရေးခုံများကို အသုံးပြုပြီး အုတ်များစီကာ ဘန်ကာသဖွယ် အခိုင်အမာ စခန်းတည်ဆောက်ထားခြင်းအပြင် ပြည်နယ်ဆေးရုံအတွင်း၌လည်း ဘန်ကာပြုလုပ်ကာ ခုခံခဲ့သည့် အနေအထားကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထန်တလန်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာမှ စီမံ ဆောင် ရွက်ပေးရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *