၃၀.၁၀.၂၀၂၃
Written by Peya

သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းတို့က ၎င်းတို့အပေါ် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲထားသည့် အမှုအတွက် ချေဖျက်တင်ခဲ့သော်လည်း တရားရုံးက ပလပ်လိုက်ကြောင်း MT News သတင်းဌာနက ကနဦး သိရသည်။

ကျပ် သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ (ပ)၂၀/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် မို့မို့မြင့်အောင်နှင့် ခင်ပွန်းတို့ကို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက တရားလိုပြုလုပ်ကာ ယခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်တွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

“၈ ရက်နေ့ ဟောင်ကောင်ကလူ တကယ်ရောက်မှာပါတဲ့။ ရောက်ရင် ဦးစိုးလှိုင်ကိုပေးရမယ့်ငွေ အကုန်ပေးမှာပါ။ ဒီတစ် ခါယုံကြည်ပါ။ စိတ်မဆိုးပါနဲ့ဆိုပြီးတော့ ဖုန်းကနေ မက်ဆေ့ပို့တယ်၊။ အခု အောက်တိုဘာလ ၁၆ ရက်နေ့က ပို့တာ။ သူပြောတဲ့ ၈ ရက်နေ့ဆိုတာ နိုဝင်ဘာလ ၈ ရက်နေ့လို့ ပြောတာ ဖြစ်မယ်။ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလကလည်း အမှုမြန်မြန် ပြတ်ချင်တယ်တဲ့။ မေလ ၁၂ ရက်နေ့မှာ သိန်း ၂၀၀၀၊ မေလ ၁၅ ရက်နေ့မှာ သိန်း ၃၀၀၀ ပေးမယ်တဲ့။ အမှု ပိတ်ပေးပါဆိုပြီးစာပို့တယ်။ စာပို့လိုက် ဖုန်းဆက်လိုက်နဲ့လုပ်နေတယ်။ အခု ကျွန်တော်တို့က ဥပဒေအတိုင်း ဆက်သွားမှာပါ။ ဦးမောင်မောင်ကျော်တို့ ဇနီးမောင်နှံက အယူခံတက်ထားတာ ရှိတယ်။ အဲဒီအယူခံကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ခရိုင်တရားသူကြီးရုံးကနေ ပယ်ချလိုက်တယ်”ဟု တရားလိုဖြစ်သူ ဦးစိုးလှိုင်က ဆိုသည်။

ခရိုင်တရားသူကြီးရုံးက မြို့နယ်ရုံးအတိုင်းဆိုခြင်းကို အတည်ပြုသည့်အတွက် ပြစ်မှုဖြင့်သာ ဆက်လက်စစ်ဆေးသွားရမည် ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဆိုပါက ထောင်ဒဏ်အထိ ကျခံရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ရဲစခန်းက ဆင့်ခေါ်တဲ့အတွက် သူတို့ကလာပြီး အစစ်ဆေးခံတာ။ နှစ်ယောက်စလုံးက ယူပါတယ်လို့ ထွက်ဆိုတယ်။ ပြီးတော့ အာမခံယူတယ်။ အာမခံယူတဲ့နေ့မှာပဲ ပြောခဲ့တာက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပေးပါ့မယ်လို့ ကတိပြုတယ်။ အမှုကို ခဏစောင့်ပေးပါလို့ ပြောတယ်။ ပေးပါမယ်လို့ မေတ္တာရပ်ခံတယ်။ ကျွန်တော်တို့က လူမှုရေးအရ စောင့်လိုက်တယ်။ အခု စောင့်နေတာ ဖေဖော်ဝါရီလ၂၂ ရက်နေ့ တစ်ကြိမ်၊ ၂၉ ရက်နေ့ တစ်ကြိမ်၊ မပေးသေးလို့ အကြောင်းကြားတဲ့အခါ ဧပြီလ ၄ ရက်နေ့ကိုချိန်းတယ်။ ဒါပေမဲ့အကြိမ်ကြိမ် ပျက်ကွက်တာကြောင့် ရဲစခန်းကနေပြီးတော့ ဥပဒေအရ တရားရုံးကို တရားစွဲတင်ထားတာ ဖြစ်တယ်” ဟု တရားလိုက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *