၃၀.၁၀.၂၀၂၃.
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ ဒါဂျီစတန်ဒေသ၏မြို့တော် မာကတ်ရှ်ကာလာမြို့လေဆိပ်အတွင်းသို့ ရာနှင့်ချီသော ဆန္ဒပြသမားများက ဂျူးမုန်းတီးရေးကြွေးကြော်သံများ အော်ဟစ်ကာ အောက်တိုဘာ ၂၉ ရက်ညက ဝင်ရောက်လာကြပြီး အစ္စရေးနိုင်ငံ၊ တယ်လ်အဗစ်မြို့မှရောက်ရှိလာသော လေယာဉ်ပေါ်မှ ခရီးသည်များကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံမီဒီယာများတွင် ဆန္ဒပြလူအုပ်က ဆိုက်ကပ်လာသော ရုရှားလေကြောင်း Red Wings ၏ လေယာဉ်အား ဝန်းရံခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

အာဏာပိုင်များက မာကတ်ရှ်ကာလာမြို့လေဆိပ်အားပိတ်ပစ်လိုက်ကာ ရဲတပ်ဖွဲ့ဝင်များ လေဆိပ်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ မာကတ်ရှ်ကာလာဒေသအစိုးရ၏ကျန်းမာရေးဝန်ကြီးက အဆိုပါဆန္ဒပြအဓိကရုဏ်းတွင် လူ ၂ဝ ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ပြောခဲ့သည်။ ဒဏ်ရာရသူများ၌ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများပါဝင်ကြောင်းလည်း သိရသည်။

လူမှုကွန်ရက်တွင်ဖော်ပြလာသောဗီဒီယိုများ၌ ဆန္ဒပြသမားအချို့က ပါလက်စတိုင်းအလံများ ကိုင်ဆောင်ထားကြသည်ကိုတွေ့ရပြီး အချို့က ရဲကားတစ်စီးအား ပက်လက်လန်တိမ်းမှောက်ရန် ကြိုးစားနေကြသည်ကို တွေ့ကြရသည်။ ၎င်းတို့က ဂျူးမုန်းတီးရေးကြွေးကြော် သံများအော်ဟစ်ကာ အချို့က လေယာဉ်ဖြင့်လိုက်ပါလာသောခရီးသည်များ၏ နိုင်ငံကူးလက် မှတ်များကိုစစ်ဆေး၍ အစ္စရေးနိုင်ငံသားများ ဟုတ်မဟုတ် စစ်ဆေးနေကြသည်ကိုလည်း တွေ့ကြရသည်။ သို့ရာတွင် အဆို ပါ ဆန္ဒပြအဓိကရုဏ်း၌ လေယာဉ်ပေါ်ပါ ခရီးသည်တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း သတင်းများက ဆို သည်။

အောက်တိုဘာ ၂၉ ရက် ညတွင်မူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟု၏ ဝန်ကြီးချုပ်ရုံးက ရုရှားအစိုးရ၏ ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၏ အာဏာပိုင်များအနေဖြင့် ဆန္ဒပြအဓိကရုဏ်းပြုလုပ်သူများနှင့် ဂျူးနှင့် အစ္စရေးနိုင်ငံမုန်းတီးရေးလှုံ့ဆော်သူများကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်၍ အစ္စရေးနိုင်ငံသားများအားလုံးကို ကာကွယ်ပေးရန် ကြေညာ ချက်ထုတ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက ရုရှားနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကလည်း အစ္စရေးနိုင်ငံနှင့်ဂျူးများ လုံခြုံစိတ်ချရမှုရှိစေရေး ရုရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထပ်မံပြောကြားခဲ့သည်။

ဒါဂျီစတန်ဒေသက အစ္စလမ်ဘာသာဝင်အများစုနေထိုင်ရာဒေသဖြစ်ပြီး Red Wings ၏ လေယာဉ်က မော်စကိုမြို့သို့ နှစ်နာရီကြာ ထပ်မံပျံသန်းမည့် ခရီးစဉ်တွင် မာကတ်ရှ်ကာလာမြို့လေဆိပ်၌ ခေတ္တဝင်ရောက်ရပ်နားခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

Ref—– AP

Leave a Reply

Your email address will not be published. Required fields are marked *

Related News