သက်တံ့
၂၁. ၁၁. ၂၀၂၆
ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက် ထွက်ပေါ်လာပြီးနောက်တွင်လည်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန်က ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်ဟု The Nation သတင်းဌာနက ဖော်ပြသည်။
ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ အနုထင်အား အဆိုပါ စီရင်ချက်ကြောင့် အိမ်နီးချင်းနိုင်ငံအပေါ် ထားရှိသည့် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို ပြောင်းလဲရန် လိုအပ်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ကြသည်။ ထိုမေးမြန်းမှုအပေါ် အနုထင်က တရားရုံးက မည်သို့ပင် ဆုံးဖြတ်စေကာမူ ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်းနှင့် အခြားနိုင်ငံများကလည်း ၎င်းတို့၏ ကိုယ်ပိုင်ချဉ်းကပ်မှုဖြင့် လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံး အကျိုးပြုမယ့် ရပ်တည်ချက်ကိုပဲ ယူရပါမယ်” ဟု အနုထင်က ဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်းကလည်း ဆက်လက်ထိတွေ့ဆက်ဆံရသည့် အကြောင်းရင်းများကို ယမန်နေ့က ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ လျော့နည်းစေရန်၊ တွေ့ဆုံဆွေးနွေးမှုများကို အားပေးရန်နှင့် အကူအညီ လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရောက်ရှိစေရေး ကူညီပေးရန် လိုလားကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: The Nation
