၂၁.၁၁.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Studem Network နှင့် Free Thai Youth အဖွဲ့တို့က လူငယ်များ ဦးဆောင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်၌ နိုဝင်ဘာလ ၂၀ ရက်က စီစဉ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် ဒီမိုကရေစီလိုလားသော မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူများဟုဆိုသည့် ထိုင်းနိုင်ငံမှ Gen Z တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ် အနုထင်ကို ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်သည့်အနေဖြင့် လက်သုံးချောင်းထောင် ဆန္ဒပြလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် ပုဒ်မ ၁၁၂ (ဘုရင်စနစ်ကို စော်ကားမှုဆိုင်ရာ ဥပဒေ) အရ တရားစွဲဆိုခံထားရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားကြသည်။

“ကျောင်းဆင်းပြီးရင် ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်ကို သွားကြစို့” ဟူသော ကြွေးကြော်သံဖြင့် ပြုလုပ်မည့် ဤစုဝေးပွဲသည် Gen Z တက်ကြွလှုပ်ရှားသူများက လူငယ်များကို စုစည်းကာ အစိုးရကို ဆန့်ကျင်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ထိုင်းနိုင်ငံတွင် ယခင်က ကျောင်းသားများ ဦးဆောင်ခဲ့သော ဆန္ဒပြလှုပ်ရှားမှုများ၏ နိုင်ငံရေး တောင်းဆိုချက်များကိုလည်း ပြန်လည်ဖော်ထုတ် တောင်းဆိုလာကြသည်။
Studem Network က လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံသည် မည်သည့် နိုင်ငံရေးခေါင်းဆောင်အတွက်မျှ ကစားကွင်းမဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ အသံကို နားထောင်ရန် ငြင်းဆန်နေသည့် ဝန်ကြီးချုပ်တစ်ဦးကို သည်းခံနေစရာ မလိုကြောင်း ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်က ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဝါရင့်တက်ကြွလှုပ်ရှားသူများကလည်း လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့အား ထောက်ခံကြောင်း ဖော်ပြထားကြသည်။

ဤဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများဖြစ်သည် Studem Network နှင့် Free Thai Youth အဖွဲ့တို့က့ ကျောင်းသားများနှင့် ပြည်သူလူထုကို နေ့လယ် ၃ နာရီအချိန်မှစ၍ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်တွင် စုဝေးကြရန် ဖိတ်ခေါ်ထားသည်။
ကမ္ဘာ့ကလေးများနေ့တွင် ကျင်းပခဲ့သော ဤဆန္ဒပြပွဲ၌ လူဦးရေ ၆၀၀ ခန့် ပါဝင်ခဲ့ကြပြီး ၎င်းတို့အနက် အများစုမှာ ကျောင်းဝတ်စုံနှင့် တက္ကသိုလ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ဆန္ဒပြပွဲကို ညနေ ၇:၂၅ နာရီခန့်တွင် ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ဤစုဝေးဆန္ဒပြပွဲတွင် သီးသန့်ခေါင်းဆောင်တစ်ဦးတည်း မရှိကြောင်းနှင့် နိုင်ငံရေးပါတီတစ်ခုခု၏ ထောက်ပံ့ကူညီမှုမျိုး မရှိကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။
Ref-The Straits Times

