◾ ပိတ်ဆို့အရေးယူမှု(Sanction) များဖြုတ်လိုက်ပြီး အတူပူးပေါင်းဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း များစွာမြှင့်တင်နိုင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုနိုင်မည်
၂၁.၁၁.၂၀၂၆
Written by NYL
အမေရိကန်နိုင်ငံနှင့် သုံးကြိမ်ဆွေးနွေးခဲ့ပြီး နှစ်ဖက် Win-Win Situation ဖြစ်နိုင်သည့် ကိစ္စရပ်များအားလုံး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အမေရိကန် မြန်မာ ဆက်ဆံရေးအခြေအနေနှင့် အမေရိကန်နိုင်ငံက ပြန်လည်ထိတွေ့ဆက်ဆံမှု ပြုလုပ်လာမှုနှင့် ပတ်သက်၍ သတင်းမီဒီယာတစ်ခု၏ မေးမြန်းမှုအပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက “အမေရိကန်နဲ့ ပြန်ပြီး ဆက်ဆံတယ်ဆိုတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ ကျွန်မတို့ သုံးခါပေါ့။ သုံးကြိမ်။ စင်ကာပူမှာ တစ်ကြိမ်၊ မြန်မာနိုင်ငံမှာ တစ်ကြိမ်၊ ဂျပန်မှာ တစ်ကြိမ်၊ သုံးကြိမ် သက်ဆိုင်ရာအဖွဲ့အစည်းတွေက လူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ ဟုတ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံသည် အမျိုးသားအကျိုးစီးပွား (National Interest) အတွက် ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်၍ အမျိုးသားအကျိုးစီးပွားကို ကြည့်ရမည်ဖြစ်ပြီး နှစ်ဖက်အကျိုးရှိစေမည့် (Win-Win Situation) ကိစ္စရပ်အားလုံးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
“ဒါတွေ(အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစဉ်တွင် ရည်မှန်းချက် ၄ ခု)ကို ကြည့်တော့ အကြမ်းဖျင်းအားဖြင့်တော့ အမေရိကန်နိုင်ငံကလည်း သူ့ရဲ့ National Interest အမျိုးသားအကျိုးစီးပွားအတွက် လုပ်တာပါ။ ကျွန်မတို့ကလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ National Interest ကိုတော့ ကြည့်ရပါမယ်။ နှစ်ဖက် Win-Win Situation ဖြစ်နိုင်တဲ့ ကိစ္စအားလုံးကို ပူးပေါင်းဆောင်ရွက်ပါမယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ဆက်လက်၍ မိမိတို့ လိုလားချက်အနေဖြင့် အမေရိကန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှု(Sanction) များဖြုတ်လိုက်ပြီး အတူပူးပေါင်းဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းအား များစွာမြှင့်တင်နိုင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“နောက်တစ်ခုကတော့ ကျွန်မတို့ဘက်က လိုလားချက်သည် Sanction တွေ ဖြုတ်လိုက်ရင် ဒါက အတူပူးပေါင်းဆောင်ရွက်နိုင်ရင် ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ Living Standard ကို အများကြီး မြှင့်တင်နိုင်မယ်။ ကျွန်မတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိအနေအထားတွေကတော့ ခုနက ပြောတဲ့ တွေ့ဆုံမှုမှန်တယ်၊ လာဆက်သွယ်တာ မှန်တယ်။ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျွန်မတို့ဘက်က ခုနက Win-Win Situation အတွက် ပူးပေါင်းဖို့ အဆင်သင့်ရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ပြည်ပနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် မြေပြင်အခြေအနေမည်မျှအထိ သိရှိထားသည်ကို မသိသော်လည်း ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများတွင် မြန်မာနိုင်ငံဘက်က ခိုင်ခိုင်မာမာ ရပ်တည်သည် Myanmar Way ကိုယ့်နည်းကိုယ့်လမ်းဖြင့် သွားမည်ဖြစ်၍ ငြိမ်းချမ်းရေးလမ်းကြောင်းတွင်လည်း ပူးပေါင်း၍ရသည့် ကိစ္စများအားလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
“ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာတော့ ကျွန်မတို့ နိုင်ငံဘက်က ခိုင်ခိုင်မာမာရပ်တည်မှုမှသည် ကျွန်မတို့ Myanmar Way ကိုယ့်နည်းကိုယ့်လမ်းနဲ့ သွားပါမယ်။ ကိုယ့်သမိုင်းကြောင်း ကိုယ်သိပါတယ်။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်သိပါတယ်။ အဲတော့ သွားမယ့်လမ်းကြောင်းသည် ပူးပေါင်းလို့ရတဲ့ ကိစ္စတွေအားလုံးမှာ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစဉ်တွင် ရည်မှန်းချက် (၄) ခုပါဝင်ကြောင်း၊ ပထမအချက်ဖြစ်သည့် မြန်မာနိုင်ငံမှ အစပြုသော နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် Zero Tolerance ကျင့်သုံးကာ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေသဖြင့် မိမိတို့မူဝါဒနှင့်ကိုက်ညီကြောင်း၊ ကျန်အချက်များမှာ ပို့ကုန်ကုန်သွယ်မှု လိုငွေလျှော့ချရန်၊ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ဒေသတွင်းဩဇာလွှမ်းမိုးမှု တိုးမြှင့်၍ အမေရိကန်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ တိုးချဲ့ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
