၃၀ . ၁၀. ၂၀၂၃
Written by Phyo Wei

ကမ္ဘာ့နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက ကမ္ဘာအဆင့် ၁၃၅ နဲ့ အောက်ဆုံးနားရပ်တည်နေတယ်လို့ အစီရင်ခံစာထွက်ပေါ်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ မြန်မာကလေးငယ်တွေဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနိုင်တဲ့အန္တရာယ်နဲ့ တွေ့ကြုံရဖွယ်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ဖော်ပြလာပြီး ကျောင်းအပ်နှံသူအရေအတွက်ဟာ အသက် ၆ နှစ်နဲ့ ၂၂ အကြားလူငယ်အားလုံးရဲ့ ၅၆ ဒသမ ၈ ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်လို့ ဖော်ပြခဲ့လို့ လူငယ် ၄၄ ရာခိုင်နှုန်းလောက်ဟာ ပညာသင်ကြားခွင့်ဆုံးရှုံးရတဲ့ အခြေအနေဖြစ်လာနေပါပြီ။

တစ်ဖက်မှာလည်း အွန်လိုင်းလိမ်ညာနေတဲ့အဖွဲ့တွေကို “ဝ”၊ မိုင်းလားနဲ့ ကိုးကန့်နယ်မြေတို့မှာ အဓိကဖမ်းမိတာဖြစ်ပြီး NCA စာချုပ် ချုပ်ဆိုထားတဲ့အတွက် ငြိမ်းချမ်းရေးမပျက်စီးစေဖို့ “ဝ” နဲ့ မိုင်းလားဒေသကို တပ်က ဝင်မဖမ်းတာလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံ Phoenix New Media ကို ပြောကြားခဲ့တာတွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ၁၀၂၇ စစ်ဆင်ရေးစတင်လာတဲ့အကြောင်း၊ ရက် ၉၀ လောက် လက်လွှတ်ထားရတဲ့ ထန်တလန် ပြန်ရလာတဲ့အကြောင်းနဲ့ မြန်မာကိုရန်သူသဖွယ်သဘောထားပြီး တရုတ်ထိန်းချုပ်ရေးပဲ လုပ်နေတဲ့ အမေရိကန်အကြောင်းတွေကို တင်ပြချင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး

အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီလောက်မှာ ကိုးကန့် MNDAA၊ ရခိုင် AA နဲ့ တအာန်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ ချင်းရွှေဟော် စတဲ့မြို့တွေအပါအဝင် မြောက်ပိုင်းကမြို့တွေ၊ ဂိတ်တွေနဲ့ တပ်မတော်ခြေကုပ်စခန်းတွေကို အလစ်အငိုက်ဝင်ပစ်ပြီး တရုတ်ဘက်ထွက်ပြေးရလွယ်တဲ့ ချင်းရွှေဟော်ကိုတော့ ထိန်းချုပ်လိုက်တဲ့အခြေအနေပါ။ ဘိန်းရောင်းတာ၊ သစ်ခိုးထုတ်တာ၊ ပြည့်တန်ဆာခန်းတွေ၊ ကာစီနိုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေလုပ်၊ နိုင်ငံတကာ ရာဇဝတ်သားတွေနဲ့ ဂိုဏ်းတွေဖွဲ့ငွေရှာပြီး ပြည်တွင်းမှာစစ်ပွဲဆင်နွှဲနေတဲ့လက်နက်ကိုင်တွေဟာ ထူးထူးခြားခြားတစ်ပြန်စီး ကျားဖျန်ကိုအကြောင်းပြ တိုက်ပွဲဆင်နွှဲလာတာကလည်း နောက်ကွယ်ကလက်မည်းကြီးကို မြင်သာစေခဲ့ပါတယ်။

ဒီနေရာမှာ MNDAA လို့ အမည်ခံပေမဲ့ BPLA က လက်အောက်ကဝင်တိုက်ပေးနေတာတွေ့ရပြီး နယ်မြေမဲ့ AA၊ ခြေကုပ်မရဖြစ်နေတဲ့ MNDAA နဲ့ ဗမာဆိုတဲ့ခေါင်းစဥ်အောက်က BPLA မွေးထုတ်ခံလိုက်ရပြီလားဆိုတဲ့ အခြေအနေတစ်ခုကို မြင်ရသလို ဗိုလ်နဂါးက NUG နဲ့ ကတောက်ကဆဖြစ်ချိန်မှာ NUG က အမှုဖွင့်ထားတယ်လို့ သတင်းထွက်နေချိန်မှာ BPLA ကို စင်တင်တိုက်လာတာ ထူးခြားတယ်ပြောရမှာပါ။ သေချာတာကတော့ နောက်ကွယ်ကလက်မည်းကြီးဟာ AA၊ TNLA နဲ့ MNDAA အပြီးမှာ BPLA ကိုပါ အကြီးအကျယ်ထောက်ပံ့မွေးထုတ်နေပါပြီ။

ပြန်ရလာတဲ့ ထန်တလန်

ထန်တလန်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းလက်နက်ကိုင် CNA၊ CNF၊ CDF တို့ကို တပ်မတော်စစ်ကြောင်းတွေက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့တာမှာ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်၊ သီတင်း ကျွတ်လပြည့်နေ့ ညနေပိုင်းမှာ တပ်မတော်စစ်ကြောင်းတွေက အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဖေဖော်ဝါရီလက စတင်ပြီး မြို့လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ အလစ်အငိုက်မှာ သာလွန်အင်အားနဲ့  ထန်တလန်မြို့ကို ဝင်ပစ်တာကြောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက အတတ်နိုင်ဆုံး ကြံ့ကြံ့ခံခုခံခဲ့ပေမယ့်လည်း ရာသီဥတုအခြေအနေ၊ နယ်မြေအခြေအနေအရ ခေတ္တ ခွာစစ်ဆင်ခဲ့ရသလို ချင်း PDF တွေက မြို့ကိုထိန်းချုပ်သွားတဲ့အပြင် လခရတွေရှိရာ သီးမြစ်ချောင်းကူးတံတားအထိ ခြိမ်းခြောက်လာခဲ့လို တပ်မတော်စစ်ကြောင်းတွေက ဩဂုတ်လကစပြီး ပထမအဆင့်အနေနဲ့ သီးချောင်းမြစ်ကူးတံတားအထိ ကနဦး ခြေကုပ်ရယူသိမ်းပိုက်ခဲ့ရတာပါ။ ဒုတိယအဆင့်အနေနဲ့ အဲ့ဒီ တံတားကတစ်ဆင့် ထန်တလန်မြို့အဝင်နေရာ၊ တတိယအဆင့်အနေနဲ့ ထန်တလန်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးရုံးနဲ့ စီဘီဘဏ် နေရာ၊ စတုတ္ထနဲ့ နောက်ဆုံးအဆင့်မှာ ဆေးရုံကုန်းနဲ့အခြေခံပညာအထက်တန်းကျောင်းတို့ကို အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရပြီး လူနေအိမ်တွေနဲ့ အဆောက် အဦတွေ ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို အဆင့်ဆင့် ခြေကုပ်ရယူပြီး စနစ်တကျ တိုက်ခိုက်ဆောင်ရွက်ခဲ့တာမှာ ရက်ပေါင်း ၉၀ လောက်အကြာ အခုလို တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့တာပါ။

လူနေအိမ်တွေ ဌာနဆိုင်ရာ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်ဖောက်ခွဲတာ စတဲ့ အဖျက်အမှောင့်လုပ်ငန်းတွေကို လုပ်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့ ချင်း PDF တွေဟာ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ စီးပွားရေးလုပ်ငန်းရုံးတွေ အပါ အဝင် အခိုင်အမာ လူနေအိမ်တွေရဲ့ ပရဝဏ်အတွင်း အုတ်စီဘန်ကာတွေ တည်ဆောက်ပြီး အဆင့်ဆင့်ခုခံတာ၊ စာသင်ခန်းတွေအတွင်းက စာရေးခုံတွေကို အသုံးပြုပြီး အုတ်စီဘန်ကာသဖွယ် အခိုင်အမာ စခန်းဆောက်ထားတာ တွေ့ရသလို ပြည်သူ့ဆေးရုံမှာလည်း ဘန်ကာလုပ်ပြီး ခုခံခဲ့တဲ့ အထောက်အထားတွေ့ရတာပါ။

၁၀၂၇ စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်သိမ်းခံရတယ်ဆိုချိန်၊ သိန္နီကိုသိမ်းထားပြီး ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ အရေးနိမ့်နေတယ်လို့ တစ်ဖက်ကမီဒီယာအားနဲ့ ဆက်တိုက်ဖော်ပြနေချိန်မှာ ဖေဖော်ဝါရီလလောက်ကစပြီး ချင်း PDF တွေ သိမ်းထားတဲ့ ထန်တလန်ကို ပြန်အရယူခဲ့တာဟာ “ငါတို့နိုင်မှာ” အိပ်မက် မက်နေတဲ့သူတွေအတွက်တော့ ကုတင်ပေါ်က ကန်ချခံရသလိုမျိုး ခြောက်အိပ်မက်ဖြစ်သွားမှာပါ။ လက်ရှိမှာတော့ မြို့ကိုစွန့်ခွာသွားရတဲ့ဒေသခံတွေ ပြန်နေနိုင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ပေးနေပေမဲ့ စစ်ကိုကြိုလင့်လက်ခံခဲ့တဲ့ဆိုးကျိုးကြောင့် အရင်လိုအခြေအနေပြန်ရဖို့တော့ ဆယ်စုနှစ်များစွာ ပြန်တည်ထောင်ရမှာပါ။ အခုလောက်ဆိုရင်တော့ စစ်ကိုကြိုလင့်တာဟာ အသက်၊ ဘဝနဲ့ စည်းစိမ်ပျက်သုဥ်းတာကလွဲရင် ဘာအကျိုးမှမရှိတာ သိလောက်ကြပြီထင်ပါရဲ့။

မြန်မာကို ရန်သူသဖွယ်သဘောထားပြီး တရုတ်ထိန်းချုပ်ရေးပဲ လုပ်နေတဲ့ အမေရိကန်

မြန်မာနဲ့ အမေရိကန်ဟာ ရန်ဘက်နိုင်ငံမဟုတ်၊ စစ်လည်း မဖြစ်ပွားဖူး၊ ယုတ်စွအဆုံး အရှေ့‌တောင်အာရှမှာ အမေရိကန်ကျူးကျော်တဲ့ ဗီယက်နမ်စစ်ပွဲတောင် မြန်မာကပါဝင်ပတ်သက်မှုမရှိခဲ့ပေမဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ရန်သူသဖွယ် သဘောထားနေတယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃) မှာ ထူးထူးခြားခြားဖွင့်ဟလာတာ တွေ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်တွေအကြားမှာ ပထမဆုံးနိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ပြင်းပြင်းထန်ထန်ပြောတာလို့ကို ပြောရမှာဖြစ်ပြီး သမိုင်းတစ်လျှောက်လုံးမှာ အမေရိကန်ရဲ့ Hidden Agenda တွေ မြင်ခဲ့ရတာတောင် ခေါင်းဆောင်တိုင်းက နိုင်ငံကြီးတချို့လို့ပဲ သုံးစွဲခဲ့တာဖြစ်ပြီး SAC ဥက္ကဋ္ဌကတော့ အတိအလင်းကို ဝေဖန်ရှုတ်ချလာခဲ့တာပါ။

​အမေရိကန်က မြန်မာကို ရန်သူလိုသဘောထားနေရတာရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်လိုလားတဲ့ လစ်ဘရယ်အစိုးရတစ်ရပ်ပေါ်လာရေးကို စိုက်လိုက်မတ်တပ်လုပ်ကြပြီး အမေရိကန်လိုလားတဲ့ အစိုးရမပေါ်လာရင် မြန်မာပြည်မငြိမ်သက်ရေး အမေရိကန်လုပ်နေတဲ့အပြင် အကြမ်းဖက်ကြေညာထားတဲ့ NUG၊ PDF တွေကိုလည်း ခေါင်းစဥ်အမျိုးမျိုးနဲ့ ကူညီနေတယ်လို့လည်း ပြောခဲ့သေးတာပါ။

ဒီနေရာမှာ မြင်သာတာက အမေရိကန်ဟာ တရုတ်နဲ့နယ်နိမိတ် မထိစပ်တဲ့ ထိုင်းနိုင်ငံအာဏာသိမ်းမှုတွေမှာ ပဋိပက္ခဖြစ်ရေးကို ဦးမတည်၊ ပိတ်ဆို့မှုမလုပ်ဘဲ သိမ်မွေ့တိုးတက်စွာအသွင်ကူးပြောင်းရေးအားပေးပြီး မြန်မာနိုင်ငံမှာတော့ ပဋိပက္ခတွေနဲ့ ကျပ်တည်းအဆင်မပြေရေးဘဲ လုပ်နေတာပါ။ ပိုပြီးမြင်သာစေတာက မဲမသမာမှုတွေ၊ အဂတိမှုတွေနဲ့ဖြုတ်ချခံရတဲ့ သူတို့လိုလားတဲ့ NLD အစိုးရဟောင်းလက်ထက်တောင်မှ မြှုပ်နှံမှုမလာ၊ ထောက်ပံ့ကူညီမှုမရှိသလောက်နဲ့ တရုတ်အလုပ်ရှုပ်ဖို့ အိမ်နီးချင်းမြန်မာကို ပတ်မွှေအလုပ်ပေးသလောက်ပဲ တွေ့ရတာပါ။ သမိုင်းတစ်လျှောက်လုံးမှာလည်း တရုတ်နဲ့ မြန်မာဆက်ဆံရေးတင်းမာနေပြီဆို အမေရိကန်ငြိမ်သွားပြီး ဆက်ဆံရေးပြေလည်တာနဲ့ မြန်မာ့နိုင်ငံရေးမငြိမ်မသက်အောင်လုပ်တာချည်းတွေ့ရပါတယ်။

ဒီနိုင်ငံနှစ်ခုရဲ့ မြန်မာနိုင်ငံအပေါ်ဆက်ဆံပုံ၊ မြှုပ်နှံပုံတွေလေ့လာမယ်ဆိုရင် အမေရိကန်ဟာ သူ့မဟာပြိုင်ဘက် တရုတ် အလုပ်ရှုပ်နေဖို့ မြန်မာ့နိုင်ငံရေးမွှေနောက်နေတာဆိုတဲ့ Hidden Agenda ကို အထင်းသားမြင်ရချိန်မှာ ရွေးချယ်လို့မရတဲ့အိမ်နီးချင်း အင်အားကြီးနိုင်ငံနဲ့ ကောင်းမွန်မှန်ကန်တဲ့ ဆက်ဆံရေးတည်ဆောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ရမှာဖြစ်သလို နိုင်ငံကြီးအချင်းချင်းရဲ့ ကစားကွက်တွေကို အစိုးရတွေရောပြည်သူတွေပါမြင်နိုင်ကြဖို့လိုပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *