၃၀. ၁၀. ၂၀၂၃

Written by Thettant

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်ရဲ့ အမျိုးသမီးလက်ဝှေ့ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်ထရူးသီဖောင်(Trieu Thi Phuong)ကို ထိုက်ထိုက်တန်တန် အနိုင်ယူထိုးသတ်ထားတဲ့ ဘရော်နီကာဟာ မာဂုဏ်မြင့်တဲ့ ထိုင်းနိုင်ငံသူ Phayasingha ကို ပြင်းပြင်းထန်ထန်ဆိုင်ထိုးပြိုင်ထိုးခဲ့ရပေမဲ့ ပွဲအစတစ်မိနစ်လောက်မှာ ဘရော်နီကာ့တွဲလုံးတွေ ဆက်တိုက်မိခဲ့တဲ့ Phayasigha ခွေကျ အောင် ထိုးသတ်နိုင်ခဲ့တာပါ။

အစွယ်ချွန်လို့ နယ်ကျွံအောင်ပွဲခံတဲ့ ဘရော်နီကာ့ကို Phayasingha ကလည်း ဆိုင်ထိုးပြိုင်ထိုးနိုင်ခဲ့ပေမဲ့လည်း ဘရော်နီကာ အထိနာအောင်တော့မစွမ်းဆောင်နိုင်ဘဲ ဘရော်နီကာ့လက်သီးတွေ၊ တံတောင်တွေ အဆက်အပြတ်မြည်းစမ်းရင်း ဒုတိယအချီပြီးခဲ့ပါတယ်။ တတိယအချီမှာလည်း အလဲထိုးနဲ့ ပွဲဖြတ်ဖို့ကြိုးစားနေတဲ့ ဘရော်နီကာ့ကို Phayasingha က အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချီးကျုးရမှာက Phayasingha ပါ။ တရစပ်ထိုးသတ်ခံနေရတဲ့ Phayasingha ဟာ ဗီယက်နမ်ရွှေတံဆိပ်ဆုရှင် ထရူးသီထက်မာဂုဏ်မြင့်ပြီး ဘရော်နီကာ့ကို ဆိုင်ထိုးပြိုင်ထိုးပြနိုင်ခဲ့သလို ပွဲချိန်ပြည့်တရစပ်ထိုးသတ်နိုင်ခဲ့ကြတာလည်း အားရစရာဖြစ်ပြီး တတိယအချီအပြီးမှာတော့ အပြန်အလှန်ကန်တော့ကြတဲ့မြင်ကွင်းနဲ့ ဘရော်နီကာပဲအနိုင်ရသွားတဲ့မြင်ကွင်းဟာ ကျေနပ်စရာပါ။

မြန်မာဆိုတဲ့ ခေါင်းစဥ်အောက်မှာ ထိုးသတ်နေတဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း Thai Fight ပွဲမှာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် ဗီယက်နမ်လက်ဝှေ့မယ်ထရူးသီက လက်ကာပြ အရှုံးပေးအောင် ထိုးသတ်ထားနိုင်ခဲ့သူပါ။

Phayasingha နဲ့ ပွဲဟာ ကယန်းလူမျိုး မြန်မာလက်ဝှေ့မယ် ဘရော်နီကာရဲ့ ထိုင်းရောက်ချိန် ၁၄ ကြိမ်မြောက် အနိုင်ပွဲဖြစ်ပြီး ဘရော်နီကာဟာ ထိုင်းမြေမှာ ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင်ထရူးသီကို အနိုင်ရခဲ့တာ၊ အီတလီလက်ဝှေ့မယ် Ester Viola ကို အီတလီနိုင်ငံမှာ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်ချိန် သူ့အိမ်ကွင်း သူ့ပရိသတ်ရှေ့မှာ ဘရော်နီကာ အနိုင်ရခဲ့တာ၊ မေလ ၂၁ ရက်က ထိုင်းနိုင်ငံသူ Aomsin နဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာတို့ ထိုးသတ်တဲ့ပွဲမှာ ပထမအချီ ပွဲချိန်နှစ်မိနစ်မပြည့်ခင် ဘရော်နီကာက အလဲထိုးနဲ့ အနိုင်ယူနိုင်ခဲ့တာ စတဲ့မှတ်တမ်းကောင်းတွေနဲ့ မလဲပြိုတမ်း ရှေ့ဆက်နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *