၃၀. ၁၀. ၂၀၂၃

Written by Nay Aung

ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဟတ်ရိုင်ပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဝင်များသည် ဟတ်ရိုင်ပြည်နယ် Chotiwithayakul 1 လမ်း၌ ကင်းလှည့်ချိန်အတွင်း လမ်းဘေးတွင်ထိုင်နေသည့် မြန်မာနိုင်ငံသားအုပ်စုကိုတွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ Suvarnabhumi လေဆိပ်အာဏာပိုင်၏ ဝင်ခွင့်လက်မှတ်အတုလုပ်ဆောင်ထားသည်ကိုတွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ဆေးခဲ့ရာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန်အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀ ကျော်ပေးခဲ့ရကြောင်း ဝန်ခံပြော ဆိုထားသည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကပြောသည်။ ပွဲစားဖြစ်သူသည် ၎င်းတို့ကို ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်နိုင်ရန်အတွက် ပတ်စ်ပိုစ့်များကို ယူဆောင်ကာ ဝင်ခွင့်တံဆိပ်တုံးအတုများ ထုပေးခဲ့ကြောင်း မြန်မာ နိုင်ငံသားများက ဝန်ခံပြောဆိုထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

လမ်းပြတစ်ဦး၏ ဦးဆောင်မှုနှင့်အတူ ကန်ချာဘူရီနယ်စပ်ဒေသတောလမ်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိခဲ့ပြီး တည်းခိုခန်းတွင်တည်းခဲ့ကြောင်း၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဟတ်ရိုင်မြို့သို့ ကားဖြင့်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့သွားရောက်ရန်အတွက် ကားစောင့်ဆိုင်းနေချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများကထုတ်ဖော်ပြောဆိုထားသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အဆိုပါမြန်မာနိုင်ငံသားများကို နိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်မှု၊ တံဆိပ်တုံးအတုထုမှုများဖြင့် စွဲချက်တင်သွားမည်ဖြစ်သည်။

Ref; Bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *