၂၃. ၁၀. ၂၀၂၃
Written by Phyo Wei

တရုတ်နိုင်ငံမှာ BRI ၁၀ နှစ်ပြည့် ကျင်းပချိန်မှာ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူအချို့တက်ရောက်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ အဂတိမှုတွေ၊ တည်ဆဲဥပဒေချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City ဆုကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အင်္ဂလန်နိုင်ငံ Brighton and Hove မြို့ကောင်စီဝင်တွေက သတင်းထုတ်ပြန်တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း KIA နဲ့ တပ်အကြား စစ်ရေးတင်းမာနေပြီး KIA ကလည်း တပ်စခန်းကုန်းသုံးခုကို သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်တွေရှိသလို တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်တာမြင်ရတဲ့ ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြေမြှုပ်မိုင်းကြောင့် ၇ လအတွင်းသေကြေဒဏ်ရာရတဲ့ ပြည်သူ ၆၅၀ အကြောင်း ၊ တရုတ်နိုင်ငံက ဖမ်း၀ရမ်းထုတ်ခံရတဲ့ ၀ အရာရှိနှစ်ဦးအကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပညာသင်ခွင့်မရတဲ့ မြန်မာ့ကလေးငယ် ၃ ဒသမ ၇ သန်းအကြောင်းတွေကို ပြောချင်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် ၇ လအတွင်းသေကြေဒဏ်ရာရတဲ့ ပြည်သူ ၆၅၀

မြေမြှုမိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အခုနှစ်ထဲ ထိခိုက်သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူအရေအတွက် အယောက် ၆၅၀ ရှိခဲ့တယ်လို့ UNICEF က ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း မြေမြှုပ်မိုင်းကြောင့် ၁၂၁ ယောက် သေဆုံးခဲ့သလို ၅၂၉ ယောက် ဒဏ်ရာရခဲ့ပြီး အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ နှိင်းယှဉ်ရင် ၁၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရရှိမှု အများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး အဲဒီမှာ ဖြစ်ပွားတဲ့ သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိင်းယှဉ်ရင် ၃၉ ရာခိုင်နှုန်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့က ဒုတိယနဲ့ တတိယအများဆုံးဖြစ်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားပြီး နေရာအနှံမှာ လက်နက်ကိုင်တွေ အဖွဲ့ ၆၀၀ အထက် ပေါ်ပေါက်လာချိန်မှာ ဒီလက်နက်ကိုင်တွေဟာ ကိုယ့်ပိုင်နက်ကိုယ်ကာကွယ်ဖို့နဲ့ တိုက်ခိုက်ဖို့ နေရာအနှံ့မြေမြှုပ်မိုင်းတွေ ထောင်လာတာကြောင့် ပြည်သူ ရာပေါင်းများစွာဟာ ဒီသုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့သလို အရင်တုန်းက မြေမြှုပ်မိုင်းကင်းစင်ရာ ဒေသတွေမှာလည်း အခုဆိုရင် မိုင်းနင်းမိကြလို့ သေကြေဒဏ်ရာရနေမှုတွေ နှစ်စဉ်ဖြစ်နေပြီး ဒီလိုမျိုး မိုင်းက ပေးတဲ့ ဒုက္ခဒဏ်ကို မြန်မာပြည်သူတွေ နှစ်ရာချီခံရတော့မဲ့ အခြေအနေလည်း ဖြစ်နေပြီဖြစ်ပါတယ်။

တရုတ် ဖမ်း၀ရမ်းထုတ်ခံရတဲ့ ၀ အရာရှိနှစ်ဦး

တရုတ်နိုင်ငံ၊ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း ခေါ် ပေါက်ယန်ပန် ခေါ် ချန်ယန်ပန် (ယခင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူဟု ဆိုကြသူ)နဲ့ UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော် ခေါ် ဟော်ချွင်ထင် (ဝခေါင်းဆောင်ပေါက်ယူချန်း သမက်ဟောင်းဟု ဆိုကြသူ)တို့ကို ဖမ်းမိအောင် သတင်းပေးကူညီသူကို တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီထိပ်တန်းအရာရှိနှစ်ဦးကို အောက်တိုဘာ ၁၆ ရက် ရက်စွဲနဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ နဲ့ “ဝ”ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် (UWSP/UWSA) ကနေ ထုတ်ပယ်လိုက်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပြီး သူတို့နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တာကြောင့် “ဝ”အစိုးရအဖွဲ့ရဲ့ ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သလို “ဝ” အစိုးရအဖွဲ့နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုပါ ထိခိုက်စေတာကြောင့် ချန်ယန်ပန်နဲ့ အိုက်ဟော်တို့နှစ်ဦးကို ပါတီကနေသာမက စစ်ဘက်ဆိုင်ရာ တာဝန်ပိုင်းကနေပါ ထုတ်ပယ်လိုက်တာလို့လည်း ဝ က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်မှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းလိမ်လည်မှုတွေ တွင်တွင်ကျယ်ကျယ်လုပ်လာပြီး မြန်မာနိုင်ငံကို နာမည်ပျက်စေခဲ့သလို တရုတ်နိုင်ငံဘက်မှာလည်း ကြောက်ရွံမှုတွေဖြစ်ပေါ်လာတာကြောင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို လေးနိုင်ငံပေါင်းပြီး ကျားဖျန်တွေကို နှိမ်နင်းရာမှာ တရုတ်နယ်စပ်ဘက်က တရုတ်ရာဇဝတ်ဂိုဏ်းသား ထောင်ချီဖမ်းမိခဲ့သလို မြန်မာဘက်က လူ ၄၆၀၀ ကျော် လွှဲပြောင်းပေးခဲ့ပြီး အဲဒီအထဲမှာ “ဝ” က ဖမ်းပေးတဲ့ တရုတ်ရာဇဝတ်သားလည်း ထောင်ဂဏန်းလောက်ပါဝင်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကိုးကန့်ဘက်က ထိပ်တန်းသူဌေးကြီးတွေအပါအဝင် ၁၁ ဦးကိုလည်း ကျားဖျန်လိမ်လည်မှုတွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး တရုတ်ဘက်က ဖမ်းဆီးပြီးနောက်မှာ UWSA ဘက်က အရာရှိနှစ်ဦးကိုပါ အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ UWSA ထိပ်တန်းအရာရှိနှစ်ဦးကို “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ နဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ကနေ ထုတ်ပယ်လိုက်တယ်ဆိုပေမဲ့ တရုတ်နိုင်ငံကို တရားခံအဖြစ် လွှဲပြောင်းပေး မပေးခဲ့သလို မြန်မာအစိုးရဘက်ကလည်း ဒီတရားခံနှစ်ဦးကို ဟိုပန်ခရိုင်တရားရုံးမှာ ဖမ်း၀ရမ်းထုတ်ခဲ့ပေမဲ့ လက်ရှိအချိန်ထိတော့ သူတို့က လွတ်မြောက်နေကြဆဲပါ။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပညာသင်ခွင့်မရတဲ့ မြန်မာ့ကလေးငယ် ၃ ဒသမ ၇ သန်း

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ကျောင်းပညာသင်ကြားရမဲ့အရွယ်ရှိ ကလေးငယ်အားလုံးရဲ့ ၃ ဒသမ ၇ သန်းဟာ ကျောင်းပညာသင်ကြားမှုတွေကို လုံလောက်အောင် မရရှိဖြစ်နေတယ်လို့ ကမ္ဘာ့ကလေးငယ်များရန်ပုံငွေအဖွဲ (UNICEF) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေထဲ Grade 5 ပညာသင်ကြားနေတဲ့ ကလေးငယ် ၁၀ ယောက်မှာ ၉ ယောက်က စာဖတ်စွမ်းရည်နဲ့ သင်္ချာတွက်ချက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိသလို မြန်မာနိုင်ငံက ကလေးငယ်တွေထဲ ကလေးငယ်ဦးရေ ၆၃၇၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာသူတွေ နေထိုင်နေရတဲ့ IDP စခန်းတွေမှာ နေထိုင်နေရတဲ့အပြင် အစိုးရက ပညာရေးအတွက်ခွဲဝေပေးတဲ့ ဘတ်ဂျက်ရန်ပုံငွေကလည်း ၆ ဒသမ ၆ ရာခိုင်နှုန်းသာရှိနေတယ်လို့ UNICEF က ပြောထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကလေးငယ် ၁၂ သန်းလောက် ပညာသင်ကြားခွင့် နှောင့်နှေးသွားတဲ့အခြေအနေမှာ နိုင်ငံရေးအကျပ်အတည်းဖြစ်ပြီး CDM လုပ်ကြရာက ကျောင်းတွေမှာ ဆရာမတွေ လျော့ပါးသွားခဲ့သလို တစ်ဖက်မှာလည်း ကျောင်းတွေကို ဗုံးတွေခွဲ၊ မီးတွေရှို့၊ ဆရာ၊ ဆရာမတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် မြန်မာနိုင်ငံက မြို့ကြီးတွေမှာတောင် ပညာဆက်လက်သင်ယူဖို့ အဆင်မပြေတဲ့ အခြေအနေဖြစ်နေတာပါ။ တော်လှန်ရေးနဲ့ CDM တွေဟာ ကလေးသူငယ်တိုင်းရဲ့ လွတ်လပ်စွာပညာသင်ယူခွင့်ကို ရိုက်ချိုးခဲ့သလို လက်ရှိမှာ NUG က ဖွင့်ပေးတဲ့ အခြေခံပညာပြီးမြောက်ပြီဆိုတဲ့ ကလေးတွေကို ဆက်တက်ခိုင်းဖို့ ကျောင်းမရှိ၊ NUG ရဲ့ ပညာရေးကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှလည်း အသိအမှတ်မပြုတာကြောင့် NUG ဆီ ကျောင်းတက်မိတဲ့ ကလေးတွေက ဘ၀ပျက်ခဲ့ရပြီပြောရမှာဖြစ်တဲ့အပြင် လက်ရှိမှာလည်း ပညာသင်ခွင့်မရတဲ့ ကလေးငယ် ၃ ဒသမ ၇ သန်းဟာ စာမတတ်ပေမတတ် အလုပ်ကြမ်း သမားအဖြစ်ပဲ ထွက်ပေါ်ရမဲ့ အခြေအနေဖြစ်လာပြီမို့လို့ ဒီလိုမျိုးနိုင်ငံတစ်ခုဟာ တိုးတက်ဖို့ ဝေးနေဦးမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *