၂၃. ၁၀. ၂၀၂၃
Written by Pan Ei

UBS နဲ့ HSBC လိုမျိုး ကမ္ဘာလုံးဆိုင်ရာဘဏ်တွေကပါ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ပါဝင်နေတဲ့ လူသိရှင်ကြား ရောင်းဝယ်ဖောက်ကားတဲ့ တရုတ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီသုံးခုဟာ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို ၎င်းတို့ရဲ့ ထုတ်ကုန်တွေမှာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒီနေ့(အောက်တိုဘာ ၂၃ ရက်) လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ တရုတ်တိုင်းရင်းဆေးကုမ္ပဏီသုံးခုဖြစ်တဲ့ ဘေဂျင်းTong Ren Tang အုပ်စု၊ တီယန်ဂျင်း Pharmaceutical အုပ်စုနဲ့ ဂျီလင်း Aodong Pharmaceutical အုပ်စုတို့မှာ တစ်ကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံသူတွေကို ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်လည်ထုတ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီသုံးခုရဲ့ တရုတ်တိုင်းရင်းဆေးထုတ်ကုန် ၈၈ မျိုးမှာ မျိုးတုံးမယ့်အန္တရာယ်ရှိနေတဲ့ ကျားသစ်နဲ့ သင်းခွေချပ်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အသုံးပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်တိုင်းရင်းဆေးထုတ်ကုန်တွေဟာ တိရစ္ဆာန်အစိတ်အပိုင်းတွေကို ပါဝင်ပစ္စည်းတွေအဖြစ် အများအပြား ထည့်သွင်းအသုံးပြုတာကြောင့် လူသိများပြီး ထုတ်လုပ်သူတွေဟာ ခုလိုပါဝင်ပစ္စည်းတွေရဲ့ အသုံးဝင်၊ ထိရောက်မှုတွေကိုလည်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုလေ့ရှိကြပါတယ်။

တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ တရုတ်ပြည်တွင်းဈေးကွက်တွေမှာ စီးပွားဖြစ်ရည်ရွယ်ချက်တွေအတွက် မျိုးသုဉ်းလုနီးပါးတိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ အသုံးပြုတာကို တားမြစ်ဖို့ တရုတ်အစိုးရကို တိုက်တွန်းထားပါတယ်။

မေလမှာ စတင်အသက်ဝင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေဟာ တောရိုင်းတိရစ္ဆာန်အများစုကို အစာအဖြစ်စားသုံးတာတွေ၊ ရောင်းဝယ်ဖောက်ကားတာတွေကို တားမြစ်ထားပေမဲ့ တချို့သောအခြေအနေတွေအတွက် မွေးမြူခြင်းနဲ့ အသုံးချခြင်းအတွက် ခွင့်ပြုပေးထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *