(မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့တဲ့ “Report of the Special Rapporteur on the situation of human rights in Myanmar” အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်)

၁၅. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပြီးနောက်ပိုင်းတည်းက ပြည်သူ့စစ် (ပျူစောထီး)နဲ့ ဆက်နွှယ်နေတဲ့ ကျေးရွာသားတွေ၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရွက်သူ သတင်းပေးအဖြစ် သံသယရှိခံရသူတွေ၊ SAC ရဲ့အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေအပါအဝင် အရပ်သား ရာချီဟာ တပ်မတော်ကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ PDF အဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့တဲ့ အစီအရင်ခံစာမှာဖော်ပြထားပါတယ်။

အဲဒီလိုမျိုးသတ်ဖြတ်ခံရသူတွေထဲမှာ ရဟန်းသံဃာတွေ၊ အမျိုးသမီးတွေ။ ကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီး အဲဒီအသတ်ခံရသူတွေထဲမှာအချို့က လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကိုပစ်သတ်ခံရတာ၊ ခေါင်းဖြတ်အသတ်ခံရတာတွေလည်းရှိခဲ့တယ်လို့ သောမတ်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ SAC ကတော့ အတိုက်ခံလက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားပေါင်း ၆၀၀၀ ကျော်ကို သတ်ခဲ့တယ်လို့ ပြောဆိုထားပေမယ့်ခိုင်မာတဲ့သက်သေပြနိုင်တာမျိုးမရှိဘူးလို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။

အထူးကိုယ်စားလှယ် အန်ဒရူးနဲ့ NUG အဖွဲ့ကြား ပြုလုပ်ခဲ့တဲ့ စာပေးစာယူထဲမှာတော့ NUG အဖွဲ့က သူတို့အနေနဲ့ PDF အဖွဲ့တွေ၊ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးသွားမှာဖြစ်သလို နိုင်ငံတကာ လူအခွင့်အရေးစံနှုန်းတွေကို လိုက်နာသွားမှာဖြစ်ကြောင်း၊ လူအခွင့်ရေးချိုးဖောက်မှုကျူးလွန်သူတွေကိုတာဝန်ယူခြင်း၊ တာဝန်ခံခြင်းမျိုးရှိအောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် NUG က PDF အဖွဲ့တွေအပေါ် ချမှတ်ထားတဲ့ Code of Conduct တွေထဲမှာလည်း အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ ခြိမ်းခြောက်ခြင်းလုပ်တာတွေကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် PDF အဖွဲ့တွေကို လူအခွင့်အရေးစံနှုန်းတွေနဲ့ Code of Conduct တွေကို လိုက်နာဆောင်ရွက်ဖို့ လေ့ကျင့်သင်ကြားပေးတာတွေ၊ ညွှန်ကြားပေးတာတွေလည်းလုပ်နေတယ်လို့ NUG ဘက်က တုံ့ပြန်ဖြေဆိုထားတယ်လို့ သောမတ် အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် PDF အဖွဲ့တွေနဲ့ပတ်သက်ပြီး လူအခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် တိုင်ကြားရေးကော်မတီ၊ စုံစမ်းရေးကော်မရှင်နဲ့ စစ်တရားရုံးတွေလည်း ဖွင့်လှစ်ထားတယ်လို့ NUG က ဆိုထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေဟာ NUG ရဲ့စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိကြသလို NUG အဖွဲ့ကိုယ်တိုင်ကလည်း သူတို့ကွပ်ကဲမှုအောက် တရားဝင်ရောက်ရှိနေတဲ့အဖွဲ့တွေအပေါ် သြဇာလွမ်းမိုးမှု ဒါမှမဟုတ် ထိန်းသိမ်းနိုင်စွမ်းမရှိဘူးလို့ အထူးကိုယ်စားလှယ် အန်ဒရူးရဲ့အစီအရင်ခံစာထဲမှာ ဆိုထားပါတယ်။

ဒါ့အပြင် NUG အဖွဲ့ကိုယ်တိုင်ကလည်း အရပ်သားတွေအပေါ် PDF လက်နက်ကိုင်အဖွဲ့တွေက လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရေးကြီးတဲ့ တိုင်ကြားအစီရင်ခံမှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ ပျက်ကွက်နေသလို PDF အဖွဲ့တွေရဲ့အကျင့်ပျက်လာဘ်စားမှုတွေ၊ အတူတကွဖြေရှင်းပေးဖို့ တိုက်တွန်းတောင်းချက်တွေတွေကို မသိကျိုးကျွံပြုခဲ့တယ်လို့ လူအခွင့်ရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှု ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက နိုင်ငံတဝှမ်းမှာ အရပ်သားအဆောက်အဦပေါင်း ၇၅၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းရှိ မြို့အားလုံးရဲ့တစ်ဝက်နီးပါးမှာ မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ပထမ ခြောက်လအတွင်းမှာမြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် အနည်းဆုံးလူပေါင်း ၅၅၆ ဦး သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်တဲ့ ကလေးငယ်များရန်ပုံငွေ အဖွဲ့ (UNICEF)က ဖော်ပြထားပါတယ်။ ဒီနှစ်ပထမခြောက်လအတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ဟာ ၂၀၂၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ပိုမိုများပြားနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ လူပေါင်း ၃၉၀၊ ၂၀၂၁ ခုနှစ်မှာ လူပေါင်း ၂၈၄ ဦးရှိခဲ့သလို ဒီနှစ်ပထမ ၃ လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၅၃ ကြိမ်ဖြစ်ပွားခဲ့သလို သေဆုံးဒဏ်ရာရသူက ၃၀၂ ဦးအထိရှိနေတယ်လို့ ERW က ပြောခဲ့ပါတယ်။

မြေမြှုပ်မိုင်းကို မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲတွေ အသုံးပြုနေဆဲဖြစ်လို့ အရင်က လက်နက်ကိုင်ပဋိပက္ခရဲ့သက်ရောက်မှုကို မတွေ့ကြုံခဲ့ဘူးတဲ့ အရပ်ဒေသတွေမှာလည်း မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်ပျက်စီးမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးဟာ ၂၀၂၀ တုန်းက မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေရဲ့သက်ရောက်မှုဒဏ်ကို မခံစားခဲ့ရပေမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာတော့ မြေမြှုပ်မိုင်းကြောင့်ထိခိုက်သေဆုံးသူအားလုံးရဲ့ ၄၀ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းဒေသကြီးက ဖြစ်နေပါတယ်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ ပြန်ပေးဆွဲမှုတွေ၊ ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ရာ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်းမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ဝင် အရေအတွက် ၅၀ ခန့် ဖမ်းဆီးခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ဖော်ပြထားပါတယ်။ကျန်းမာရေးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်နေသူတွေရဲ့ဘေးအန္တရာယ်ဖြစ်မှုတွေ ပိုမိုမြင့်တက်လာနေပြီး ၂၀၂၃ ခုနှစ်ပထမ ၈ လအတွင်းမှာ မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှု နဲ့ပတ်သက်တဲ့အဆောက်အဦ၊ လူပုဂ္ဂိုလ်တွေ တိုက်ခိုက်ခံရမှု အကြိမ်ပေါင်း အနည်းဆုံး ၂၅၀ ရှိနေခဲ့ပြီး ၂၇ ဦး သေဆုံးခဲ့သလို သုံးနှစ်အတွင်းမှာ အကြိမ်ပေါင်း ၁၁၀၀ ကျော် တိုက်ခိုက်ခံခဲ့ရပါတယ်။ PDFs အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာ့တပ်မတော်က ထိန်းချုပ်ထားတဲ့ ဆေးရုံ၊ ကျန်းမာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးရှိနေသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း တိုက်ခိုက်တာမျိုးတွေရှိနေတယ်လို့ကုလသမဂ္ဂအဖွဲ့ ဆိုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက လူပေါင်း ၁၅ ဒသမ ၂သန်းဟာ အစားအစာမလုံခြုံမှုတွေနဲ့ရင်ဆိုင်နေရပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေ အချိန်ပိုကြာလာမယ်ဆိုရင်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလည်ပတ်မှုတွေရပ်တန့်ရဖွယ်ရှိနေပြီး အစားအစာ သိုလှောင်မှုတွေ ပျက်စီးရဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂကသတိပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အစားအစာလိုအပ် ချက်မြင့်တက်လာမှုနဲ့အတူ အစားအစာဈေးနှုန်းတွေနဲ့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေရဲ့ဈေးနှုန်းတွေဟာ ပိုမိုမြင့်တက်လာခဲ့လို့ အစားအစာမလုံခြုံမှုတွေအပေါ် ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်မေလက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းထဲမှာ မြန်မာနိုင်ငံရှိလယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ထောင်စုပေါင်း အားလုံးရဲ့ ၄၈ ရာခိုင်နှုန်းဟာ အစားအစာလုံလောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေရကာ ယခင်နှစ်ထက်ပိုမိုမြင့်တက်တယ်လို့ဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် အန်ဒရူးရဲ့ အစီရင်ခံစာထဲမှာပဲ သူ့ကို အမျိုးသမီးအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက ကလေးသူငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေ လုပ်နေတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။ ဒီအပေါ်မှာ NUG က ထိန်းချုပ်ဖို့လုပ်နေပေမဲ့ ဒီမုဒိမ်းမှုကျုးလွန်သူတရားခံတွေကို အရေးယူနိုင်ဖို့လုပ်တယ်ဆိုပေမဲ့လည်း တရားခံတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ အန်ဒရူးက ဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကပဲ တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်က PDF အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို NUG က ဖုံးကွယ်သိုဝှက်ထားတယ်လို့ ပူးတွဲထုတ်ပြန်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူဟာ တော်လှန်ရေးအဖွဲ့အစည်းထဲကလူ၊ ကြားကာလ အုပ်ချုပ်ရေးယန္တရားတွေက အဖွဲ့ဝင်နဲ့ PDF တွေဖြစ်နေဦးတော့ ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း တောင်းဆိုခဲ့ပါတယ်။

NUG ကိုယ်တိုင်ဖမ်းဆီးပြီးမှ အရေးမယူခဲ့ဘဲ လွှတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခတစ်ယောက်ရဲ့ ငါးနှစ်သမီးကို မုဒိမ်းကျင့်တဲ့ တွံတေး NLD ပါတီအတွင်းရေးမှူးအောင်မင်းဖြစ်စဥ်၊ ကလေးတွေနဲ့ အမျိုးသမီး ၇ ဦးကို သတ်ဖြတ် မုဒိမ်းကျင့်တဲ့ ချောင်းဦးပကဖ လေးဦးက ခေါင်းဆောင်ကို ထွက်ပြေးတယ်ဆိုပြီးလွှတ်ပေးလိုက်မှု၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ မုဒိမ်းကျင့်တာကို ထိထိရောက်ရောက် အရေးမယူတာ၊ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်နိမိတ်အတွင်း အခြေစိုက်ဖွဲ့စည်းထားတဲ့ ဦးရခိုင် (ဧကရာဇ်မုန်တိုင်း)ဦးဆောင်တဲ့ PDF လက်နက်ကိုင်အဖွဲ့ရဲ့ ကာမနှောင့်ယှက်လူသတ်မှု ၂၀ ကျော်ကို ထိထိရောက်ရောက်အရေးမယူတာ၊ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားသူ ဦးလွင်ကိုလတ်ရဲ့ မင်းသမီးတစ်ဦးနဲ့ PDF အမျိုးသမီးနှစ်ဦးကို မယားငယ်အဖြစ်ထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ထိထိရောက်ရောက်ဖြေရှင်းမှုမရှိတာ၊ ကဗျာဆရာချောသွင်က PDF ထောက်ပို့အမျိုးသမီးတစ်ယောက်ကို ရိုက်နှက်မုဒိမ်းကျင့်တာ၊ နွေဦးတော်လှန်ရေးဆရာတော်က အသက်မပြည့်သေးတဲ့ PDF ထောက်ပို့အမျိုးသမီးငယ်နှစ်ယောက်နဲ့ အခြားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာအပြင် တခြားသော PDF တွေရဲ့ လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားမှုတွေကို ထိထိရောက်ရောက်အရေးမယူတာတွေကြောင့် လက်ရှိမှာ ထုတ်ပြန်တောင်းဆိုလာတာဖြစ်ပါတယ်။

တကယ်ဆို ဒီလိုမတရားမှုတွေကြောင့် လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့သူတွေဟာ ကိုယ်တိုင်မတရားမှုလို့ မြင်ခဲ့တာတွေကို အခြားလက်နက်ကိုင်တွေထက် အထူးသတိပြုရှောင်ကျဥ်နိုင်ဖို့လိုအပ်မှာဖြစ်ပေမဲ့ တကယ့်လက်တွေ့မှာတော့ NUG နဲ့ PDF တွေကိုယ်တိုင်က ငွေကြေးအရှုပ်တော်ပုံတွေ၊ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုတွေနဲ့ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်၊ ဓားပြတိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပြီး ဒါတွေကိုပဲ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *