MT News
၁၅. ၁၀. ၂၀၂၃

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိမှသာလျှင် နိုင်ငံသားအားလုံး၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရှစ်နှစ်ပြည့် NCA ကို ဂုဏ်ပြုကြိုဆိုကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို နိုင်ငံသားများအနေဖြင့် အပြည့်အဝ ခံစားနိုင်ခြင်း မရှိခဲ့၍ နိုင်ငံတော် အစိုးရအဆက်ဆက် တာဝန်ရှိသူများက ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ သို့သော် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင်မူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်ကို ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းကိုယ်စားလှယ်များက အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခြင်း၊ ကမ္ဘာ့နိုင်ငံများက ကြိုဆိုထောက်ခံခြင်း၊ NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းတို့သည် မြန်မာ့သမိုင်းမှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် ယနေ့တွင် NCA (၈) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

တိုင်းသူပြည်သားများ၏ အေးချမ်းသာယာသော ဘဝနေထိုင်မှုကို ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် နိုင်ငံတိုင်း၏ မွန်မြတ်သော တာဝန်တစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြု၍ ကမ္ဘာပေါ်ရှိ လူသားများသည် ထိုမွန်မြတ်သော ငြိမ်းချမ်းရေး ရပိုင်ခွင့်ရှိကြောင်းကို ၁၉၈၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၃၉/၁၁ ဖြင့် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ အခွင့် အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration on the Right of Peoples to Peace) တွင် လေးနက်စွာ ကြေညာထားသည်။ ထို့ပြင် အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၃၈ တွင်လည်း အာဆီယံနိုင်ငံများရှိ ပြည်သူအားလုံးနှင့် လူတိုင်းတွင် ငြိမ်းချမ်းရေးကို ရရှိခံစားခွင့်ရှိ ကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးသည် ငြိမ်းချမ်းရေးကို ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းအား အထောက်အကူဖြစ်စေပြီး ငြိမ်းချမ်းရေးသည် လူ့အခွင့်အရေး အပြည့်အဝ ခံစားခွင့်အတွက် မရှိမဖြစ် လိုအပ်သည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိမှသာလျှင် နိုင်ငံသားအားလုံး၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှု၊ တရားမျှတမှု အခွင့်အရေးများ ခံစားနိုင်ရေးတို့အတွက် NCA လုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက မျှော်မှန်းထားသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရန်ကိုလည်း အထောက်အပံ့ဖြစ်စေမည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မျှော်လင့်ထားကြောင်းနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *