တပ်မတော်ကို မုန်းတီးခြင်းကြောင့် ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတာမရှိဟု ပြော

၁၅. ၁၀. ၂၀၂၃
Written by Nyein Kyaw၊  Min Mahar

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)၏ ငြိမ်းချမ်းရေးအသီးအပွင့်များ မရရှိအောင် တိုင်းပြည်သစ္စာဖောက်အချို့နှင့် ပြည်ပနိုင်ငံအချို့က လက်မှတ်မထိုးရန် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်နေကြောင်း ယနေ့ နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် NCA (၈) နှစ်မြောက် နှစ်ပတ်အလည်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“NCA စာချုပ်ကြီး ပေါ်ပေါက်လာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေ ရရှိချိန်မှာ တိုင်းပြည်သစ္စာဖောက်အချို့နဲ့ ပြည်ပနိုင်ငံအချို့က NCA မှာ လက်မှတ် မရေးထိုးဖို့ သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်” ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

This image has an empty alt attribute; its file name is 391679386_122127414152030934_5956007953190314889_n.jpg

NCA လက်မှတ် ရေးထိုးရခြင်းမရှိသေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကြရန် ထပ်မံဖိတ်ခေါ်ခဲ့သည်။ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင်လည်း ငြိမ်းချမ်းရေးကိစ္စများ အလေးထားထည့်သွင်း ဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးရာတွင် ကန့်သတ်ချက်မရှိသော ဖိတ်ခေါ်မှုများဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်အထိ တပ်မတော်ကို မုန်းတီး၍ ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မရှိကြောင်းနှင့် နိုင်ငံရေးအယူအဆကွဲလွဲမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ပေါ်ပေါက်ခဲ့သဖြင့် နိုင်ငံရေးနည်းဖြင့်သာ ဆက်လက်ဖြေရှင်းရန်လိုအပ်ကြောင်းလည်း ပြောကြားသည်။

This image has an empty alt attribute; its file name is 391700673_122127414584030934_4259644043733960880_n-1024x656.jpg

“တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဆိုတာ ယနေ့အထိ မရှိခဲ့ပါဘူး။ နိုင်ငံရေးအယူအဆကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ဆွဲကိုင်ခဲ့ကြရာမှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေရခြင်းသာဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမတိုင်မီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၂၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 392940010_122127414650030934_7260244002089856639_n-1024x757.jpg

အခမ်းအနားသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) စသည့် ၇ ဖွဲ့ တက်ရောက်ခဲ့သည်။

NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ဖိတ်ကြားခဲ့ပြီး ယနေ့ အခမ်းအနားသို့ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့ တက်ရောက်ခဲ့ကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *