၃၀.၉.၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာသဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်အမတ်အများစုက အစိုးရကို ရန်ပုံငွေတိုးချဲ့ထောက်ပံ့ဖို့ သဘောတူချက်တစ်ရပ်ကို စက်တင်ဘာလ ၂၉ ရက်မှာ ပယ်ချလိုက်ပြီးတဲ့နောက်မှာ အမေရိကန်အစိုးရအဖို့ လုပ်ငန်းယန္တရားတွေရပ်ဆိုင်းဖို့အခြေအနေကို ပိုလို့နီးကပ်သွားပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အစိုးရကို ရန်ပုံငွေတိုးချဲ့ထောက်ပံ့ဖို့ အဆုံးအဖြတ်ပေးမယ့် အဓိကကျတဲ့ အသုံးစရိတ်တစ်ရပ်ကို စက်တင်ဘာ ၃၀ ည ၁၂ နာရီမတိုင်ခင် အတည်ပြုကြရမှာပါ။ ကွန်ဂရက်ကလည်း အစိုးရကို ရန်ပုံငွေတိုးချဲ့ထောက်ပံ့ဖို့အဆိုကို စက်တင်ဘာ ၂၉ ရက်အထိ အတည်မပြုနိုင်သေးဘဲရှိလို့ အစိုးရရဲ့လုပ်ငန်းယန္တရားတွေ ရပ်တန့်သွားမယ့်အခြေ အနေကို ဦးတည်လျက်ရှိတာကြောင့် လွှတ်တော်အမတ်တွေအနေနဲ့ သဘောတူညီမှုတစ်ရပ် ရယူရန်ကြိုးစားဖို့ လိုအပ်လျက်ရှိနေပါတယ်။

အထက်လွှတ်တော်ကတော့ အစိုးရယန္တရားတွေ ရပ်ဆိုင်းမယ့်အခြေအနေကိုရှောင်လွဲဖို့ ပါတီနှစ်ခုစလုံးက အမတ်တွေရဲ့အဆိုပြုချက်တစ်ရပ်တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်အမတ်တွေက အဆိုပါအစီအစဉ်အပေါ် ကန့်ကွက်လျစ်လျူရှုခဲ့ကြတာကြောင့် လွှတ်တော်နှစ်ရပ်အဖို့ အခုဆိုရင်တော့ မတိုးသာမဆုတ်သာချောင်ပိတ်မိတဲ့အခြေအနေကို ရောက်နေရတယ်လို့ ဆိုရမှာပါ။ တဖန် အောက်လွှတ်တော်မှာ ကာလတို ရန်ပုံငွေထောက်ပံ့ရေးဆောင်ရွက်ချက်တစ်ရပ်အတွက် စက်တင်ဘာ ၂၉ ရက်က ကြိုးစားကြရာမှာလည်း ထောက်ခံမဲ ၁၉၈ မဲ၊ ကန့်ကွက်မဲ ၂၃၂ မဲနဲ့ မအောင်မြင်ဘဲ ဖြစ်ခဲ့ရပြန်တာကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီအတွက်ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ကာ သူ့ရဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တည်ရှိမှုကိုပါ အန္တရာယ်ရှိလာပါတယ်။

အစိုးရယန္တရားတွေ ရပ်တန့်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံး ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအခြေ အနေသာရောက်ခဲ့ရင် အမေရိကန်ပြည်သူတွေအဖို့ ခရီးသွားရာကအစ နောက်ဆုံး ကိုယ်သောက်ဖို့ ရေသန့်ရဖို့အထိ မဖြစ်နိုင်တော့ဘဲ ပြဿနာမျိုးစုံကို ရင်ဆိုင်ကြရမှာပါ။ ဒီအခြေအနေ ရောက်လာခဲ့ရင် မရှိမဖြစ်ရှိရန်လိုအပ်တယ်လို့မှတ်ယူရတဲ့ လုပ်ငန်းအချို့ကလွဲလို့ ကျန်အစိုးရလုပ်ငန်း ယန္တရားအများအပြား ရပ်ဆိုင်းကုန်မှာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီအခြေအနေဖြစ်လာခဲ့ရင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေမှာလည်း ဆုံးရှုံးမှုတွေ ကြီးမားစွာဖြစ်စေနိုင်တယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ သတိပေးခဲ့ပါတယ်။

အောက်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ တစ်စုံတစ်ရာသဘောတူညီချက်မရနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါတယ်။ နောက်ဆုံးရက်အနေနဲ့ အောက်လွှတ်တော်အမတ်တွေဟာ စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ (ဂရင်းနစ် စံတော်ချိန် ၁၅း၀၀ နာရီ)မှာ ပြန်လည်တွေ့ဆုံဆွေးနွေးကြမှာပါ။ သူတို့အဖို့ အမေရိကန်အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းရမှုကို ရှောင်လွဲနိုင်ဖို့ သဘောတူညီချက်ရနိုင်ကြရန်က တစ်ရက်သာကျန်ပါတော့တယ်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *