၂၉. ၉. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ရာဇဝတ်မှုအများဆုံးဖြစ်ပွားနေသည့်အညွှန်းကိန်းအဆင့် (Global Organized Crime Index) သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

Global Initiative Against Transnational Organised Crime(GI-TOC)အမည်ရှိအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၏ ရာဇဝတ်မှုအခြေအနေများကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် အမှတ်ပေးကာအဆင့်သတ်မှတ်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံတစ်နိုင်ငံ၏ ဆိုင်ဘာရာဇဝတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုကျူးလွန်သောအဖွဲ့စည်းအရေအတွက် တို့အပြင် ဘဏ္ဍာရေးနှင့်ပတ်သက်သော ရာဇဝတ်မှုစသော အချက်များကို ထည့်သွင်းပြီး အမှတ်ပေးကာ အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် သတ်မှတ်ထားသော အမှတ် ၁၀ မှတ်တွင် ၈ ဒသမ ၁၅ မှတ်ရရှိခဲ့ကာ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဆင့် ၁နေရာတွင် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၏ ရာဇဝတ်မှုနှင့်သက်ဆိုင်သော အညွှန်းအဆင့်သတ်မှတ်ချက်ကို နှစ်နစ်တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရမှတ် ၁၀ မှတ်အနက် ၇ ဒသမ ၅၉ မှတ် ရရှိခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု ပြဿနာသည် မြန်မာနိုင်ငံအတွက် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်နေသလို ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ဆက်နွှယ်နေပြီး လူကုန်ကူးမှုနှင့်ဆက်နွှယ်သော အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ၊ တရားမဝင် လောင်းကစားမှုများက မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုဖြစ်နေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများအနက် ရာဇဝတ်မှု ဖြစ်ပွားမှုအများဆုံး ထိပ်ဆုံးနိုင်ငံများ စာရင်းထဲတွင် မြန်မာနိုင်ငံ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ပါရာဂွေး၊ ကွန်ဂိုနိုင်ငံတို့ ရပ်တည်လျက်ရှိနေကြောင်း သိရသည်။ အာဆီယံဒေသအတွင်းနိုင်ငံများအနက် ရာဇဝတ်မှုဖြစ်ပွားမှုအများဆုံး နိုင်ငံများထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News