၂၉.၉.၂၀၂၃
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ၊ ဘလူးချိစတန် ပြည်နယ်၊ မတ်စတန်ခရိုင်အတွင်း ဗလီတစ်ခုအနီး ဗုံးကွဲမှုတစ်ရပ် ယနေ့ စက်တင်ဘာလ ၂၉ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၅၂ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရှိခဲ့ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောသည်။

သတင်းများအရ တည်ငြိမ်မှုမရှိသောပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက် မွေးနေ့အခမ်း အနားအတွက် လူစုလူဝေးပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဟု သိရသည်။

မတ်စတန် ခရိုင်အတွင်း မာဒီနာဗလီ အနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဟု မီဒီယာများကဖော်ပြခဲ့ကြသည်။သေဆုံးသူများတွင် မတ်စတန် ခရိုင်၊ ဒုတိယ ရဲမှူးကြီး နာဝပ် ဂတ်ရှ်ကိုရီလည်းပါဝင်ကြောင်း၊ ထိုပေါက်ကွဲမှုက အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ကာ ဗုံးခွဲသမားကလည်း ကိုယ့်ကိုယ်ကိုယ် အသေခံ သွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ကလည်း အဆိုပါပေါက်ကွဲမှုမှာ အသေခံဗုံးခွဲမှုတစ်ရပ်ဖြစ်ကြောင်း ဗုံးခွဲသမားကခရိုင်ရဲတပ်ဖွဲ့၏ ကားအနီးရပ်ထားသောကားအတွင်း အသေခံဗုံးခွဲမှုပြုသွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောခဲ့သည်။

ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံများသို့အရေးပေါ်တင်ပို့ခဲ့ရာတွင် အနည်းဆုံး ၅၂ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဆရာဝန်များကလည်း ပြောခဲ့ကြသည်။ အချို့သော ဒဏ်ရာရသူများက စိုးရိမ်ရသော အခြေအနေတွင်ရှိရာ ဗုံးကွဲမှုကြောင့်သေဆုံးသူဦးရေမှာတိုးလာနိုင်သေးကြောင်း သိရသည်။

ဘလူးချိစတန်ပြည်နယ် ယာယီပြန်ကြားရေးဝန်ကြီး ဂျန်အခက်ဇေက မတ်စတန် ခရိုင်အတွင်း ကယ်ဆယ်ရေးအသင်းများကို တပ်ဖြန့်စေလွှတ်ထားကြောင်းလည်း ပြောခဲ့သည်။ ၎င်းကပြင်းထန်စွာဒဏ်ရာရရှိသူများအား ကွက်တာမြို့ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး မတ်စတန်ခရိုင်အတွင်းဆေးရုံများအားလုံးကို အရေးပေါ်အခြေအနေသတ်မှတ်ထားကြောင်း ပြောခဲ့သည်။

၎င်းက “ရန်သူတွေဟာ ဘလူးချိစတန်ပြည်နယ်အတွင်း ဘာသာရေးအရ သည်းခံမှုနဲ့ငြိမ်းချမ်းရေးကိုပါ စော်ကားလာတာပဲ။ ဒီလိုဗုံးခွဲမှုမျိုးကိုတော့ သည်းခံနိုင်မှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

Ref-The Times of India

Leave a Reply

Your email address will not be published. Required fields are marked *