MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့သည့်အပြင် ဒေါ်လာဈေးနှုန်း တည်ငြိမ်နေသော်လည်း ယခုရက်ပိုင်း ကျပ် ၃၄ သိန်းအောက် ပြန် လည်ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေး အနည်းငယ် ပြန်လည်တက်ရိပ်ပြလာပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၄ သိန်းနီးပါးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စက်တင်ဘာလ ၂၉ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၈၇၃ ဒေါ်လာသာရှိပြီး သုံးရက်အတွင်း ၂၃ ဒေါ်လာကျဆင်းခဲ့ကာ ဒေါ်လာဈေးနှုန်း တစ်‌ဒေါ်လာ ကျပ် ၃,၂၈၀ ဝန်းကျင်တွင် တည်ငြိမ်နေခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သာ ကျပ် ၃,၃၉၅,၀၀၀ ရှိပြီး သုံးရက်အတွင်း ကျပ် ၁၅,၀၀၀ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် တစ်‌ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်မှုများဖြစ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကစားသူများအား အရေးယူဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၀ ရက်မှ စတင်‌ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်တွင်မူ Money Changer ကုမ္ပဏီ ၁၂၃ ခုအထိကို ဗဟိုဘဏ်က လိုင်စင်များပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ပြီးနောက်ပိုင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တည်ငြိမ်လာမှု၊ ကမ္ဘာ့ရွှေဈေး ကျဆင်းလာမှုတို့ကြောင့် စက်တင်ဘာလ ၂၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၃၈၀,၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ယနေ့တွင်မူ ကမ္ဘာ့ရွှေဈေးနှုန်း ထပ်မံကျနေသော်လည်း ပြည်တွင်းရွှေဈေး ကျဆင်းလာမှုမရှိဘဲ အနည်းငယ်မြင့်တက်လာခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ စက်တင်ဘာလ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၅၀ ကျပ်၊ စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၄၂၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၃၀ ကျပ်၊ စက်တင်ဘာလ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၃,၃၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၈၀ ကျပ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၃,၃၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News