MT News

Written by Nyein Kyaw

ကုန်ဈေးနှုန်းများကျဆင်းစေရေး စနစ်တကျဆောင်ရွက်နေပြီး နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ကိုလည်း ထောက်ပံ့ငွေများ မကြာမီ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏အလုပ်လုပ်နိုင်စွမ်းမြှင့်တင်နိုင်ရေး အမြဲအလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ကုန်ထုတ်စွမ်းအားစုများ၌ ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အလေး ထားဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့်ပေးခဲ့ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများ ကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ၍ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံသားများမှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့် (Incentive) များ ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဝန်ကြီးဌာနအလိုက် လုပ်ငန်းများတိုးတက်အောင်မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် ဝန်ကြီးဌာနများအား တိုက်တွန်းပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News