၁၈. ၉. ၂၀၂၃
Written by Phyo Wei

“၀” ဒေသအပါအဝင် ရှမ်းပြည်နယ်ဘက်ခြမ်းက လူကုန်ကူးမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတွေ၊ ပြည့်တန်ဆာခန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းမှု အရှိန်အဟုန်မြင့်တက်လာတာ တွေ့ရပြီး ရက်ပိုင်းအတွင်းမှာကို တရုတ်ရာဇဝတ်သား ၂၀၀၀ လောက် ဖမ်းဆီးနိုင်ခဲ့တာတွေ့ရပေမဲ့ EAO ထိန်းချုပ်နယ်မြေများတဲ့ ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းမှာတော့ အွန်လိုင်းလိမ်လည်တဲ့တရုတ်တွေကို ဖမ်းဆီးနိုင်တယ် မကြားရပါဘူး။ ထိုင်းရဲတပ်ဖွဲ့သတင်းတွေအရ တစ်နှစ်ကို တရုတ်နိုင်ငံသား ၇၀၀၀၀ လောက်ဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မြန်မာနိုင်ငံဘက်ခြမ်းဆီကို လူကုန်ကူးခံနေရတယ်လို့လည်း ဩဂုတ်လအတွင်းမှာ ရေးသားဖော်ပြခဲ့တာကြောင့် တရုတ်နယ်စပ်ဘက်ခြမ်းတစ်ခုတည်းတင် တရုတ်လူလိမ်တွေဖမ်းနေရုံနဲ့မရဘဲ ထိုင်းနယ်စပ်ဘက်မှာလည်း ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့လိုပါတယ်။ အစိုးရချင်းပူးပေါင်းဆောင်ရွက်ဖို့လိုသလို ဒီဂိုဏ်းတွေဆီက ဆက်ကြေးရလို့ ငြိမ်သက်နေတဲ့ လက်နက်ကိုင် EAO တွေကလည်း ကိုယ့်ဒေသသိက္ခာမြင့်မားရေးအတွက် တရုတ်လူလိမ်တွေဆီက ငွေရတာတစ်ခုပဲကြည့်မနေဖို့နဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ဖမ်းဆီးဖို့ ပြင်ဆင်ပါဦးလို့ တိုက်တွန်းရမဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တရားမဝင်သတ္တုတူးဖော်မှုတွေ နှိမ်နင်းတဲ့အခြေအနေတွေအကြောင်း၊ NUG နဲ့ သူ့ထောက်ခံသူတွေ ဖိအားပေးလို့ထွက်သွားတဲ့ကုမ္ပဏီတွေနေရာ ထိုင်းနဲ့ တရုတ် ကုမ္ပဏီတွေ အစားဝင်တဲ့အကြောင်းနဲ့ နိုင်ငံ့တိုးတက်ရေးအတွက် ဘယ်လောက်အရေး ပါလာမလဲလို့ စောင့်ကြည့်ရမဲ့ ရုရှား-မြန်မာ မဟာ ဗျူဟာမြောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

“တရားမဝင်သတ္တုတူးဖော်မှုတွေ နှိမ်နင်းတဲ့အခြေအနေ”

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို၊ ဧရာဝတီမြစ်အတွင်းမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေ၊ စက်တွေ၊ လှေတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အစီအမံနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး စတင်ရှင်းလင်း ဆောင်ရွက်နေပြီလို့ SAC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။ သယံဇာတပေါကြွယ်၀တဲ့ မြန်မာနိုင်ငံမှာဆိုရင် ဒီသယံဇာတကြောင့်ပဲ စစ်ပွဲတွေဆက်ဖြစ်နေရသလို စစ်တိုက်စရိတ်အတွက်လည်း သယံဇာတတွေ ခိုးထုတ်ကြပါတယ်။ ဥပမာ ကချင်ပြည်နယ်ဘက်က သစ်တောတွေ၊ ကျောက်မျက်လုပ်ကွက်တွေ ကုန်သလောက်ဖြစ်လာချိန် ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဘက်ကို KIA က မျက်စိကျလာချိန်မှာ စစ်ကိုင်းတိုင်းက စစ်ဇုန်အဖြစ် ကူးပြောင်းသွားပြီး အဲဒီဘက်က သယံဇာတတွေ အလုံးအရင်းနဲ့ ခိုးထုတ်ခံရတာမျိုး၊ မကွေးတိုင်းဘက်မှာ ရေနံလက်ယက်တွင်းတွေဟာ လက်နက်ကိုင်တွေအတွက် အသက်ဆက်ဖို့နဲ့ ပွဲတော် တည်ဖို့ဖြစ်လာနေတာမျိုးတွေကို ကြည့်ရင်သိနိုင်မှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုရင်လည်း တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်ဘက်မှာ အစိုးရနဲ့ A&M Myanmar ကုမ္ပဏီတို့ ဖက်စပ်လုပ်မဲ့ ဇေးကမိ ခဲမဖြူ၊ အဖြိုက်နက် အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်ဟာ တရားမဝင်တူးဖော်မှုအကြီးအကျယ်ခံနေရပြီး အဆင့်ဆင့်တိုင်ကြားပေမဲ့ အရေးမယူတာ၊ အထက်က တာဝန်ရှိသူတချို့ ဆင်းစစ်ချိန်မှာလည်း အောက်ခြေမှာ မမှန်ကန်မှုတွေကြောင့် ထိထိရောက်ရောက်အရေးမယူနိုင်တာ၊ PDF တွေ၊ ပြည်သူ့စစ်တွေ ရှိနေတဲ့ ဒေသမှာ လက်နက်ကိုင်တွေက အပေးအယူသဘောမျိုးတွေ လုပ်နေတာကြောင့် သတ္တုလည်း ခိုးတူးခံရ၊ နိုင်ငံလည်းနစ်နာ၊ ဒီရေတောတွေနဲ့ သဘာ၀ပတ်ဝန်းကျင်လည်း ပျက်စီး၊ ရင်းနှီးမြှုပ်နှံမဲ့ ကုမ္ပဏီအတွက်လည်း ထိခိုက်၊ လက်နက်ကိုင်တွေအတွက်ကျတော့လည်း ဒီလိုမျိုး တရားမဝင်လုပ်ငန်းတွေက ငွေတွေရနေလို့ တိုက်ပွဲတွေဖော်နဲ့ ဘာတစ်ခုမှ ကောင်းကွက်မရှိတာကို တွေ့ရပါတယ်။ သယံဇာတတွေဟာ နိုင်ငံတိုးတက်ဖို့ ဆုလာဘ်ဆိုပေမဲ့လည်း မြန်မာလိုနိုင်ငံမျိုးမှာတော့ ပြည်တွင်းစစ်ရှည်ကြာပြီး အဂတိတွေများပြားစေတဲ့ ကျိန်စာဖြစ်နေပြီး ဒီကျိန်စာပြယ်ဖို့အတွက်ကတော့ လက်ရှိအထိတော့ မလွယ်မကူဖြစ်နေဆဲပါ။

“ဖိအားပေးလို့ထွက်သွားတဲ့ကုမ္ပဏီတွေနေရာ အစားဝင်တဲ့ ထိုင်း၊ တရုတ်”

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုပိတ်ဆို့မှုတွေ ရှိနေတဲ့ကြားကနေ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ SAC အစိုးရနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနေပြီး ပိတ်ဆို့မှုဖိအားကြောင့် ထွက်သွားတဲ့ ကုမ္ပဏီတွေနေရာ ဟာကွက်ဝင်ဖြည့်ပေးနေတဲ့အပြင် အခြေခံအဆောက်အဦကနေ စားသုံးကုန်ထုတ်လုပ်မှုအထိ မြှုပ်နှံနေတယ်လို့ ဂျပန်အခြေစိုက် Nikkei သတင်းဌာနက ဖော်ပြလာပါတယ်။

SAC လက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ်မတ်လအထိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့ရာမှာ ထက်ဝက်ကျော်တဲ့ ဒေါ်လာ ၃ ဘီလျံဟာ တရုတ်နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုပါ။ ဒါ့အပြင် ၂၀၂၇ ခုနှစ်မှာ စတင်လည်ပတ်မဲ့ တရုတ် Union Resources & Engineering ကုမ္ပဏီနဲ့ Yunnan Energy Investment ကုမ္ပဏီတို့ ဧရာဝတီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ၊ NLD ထောက်ခံသူတွေ ၂၀၂၁ ခုနှစ်ကစ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ကြားက တရုတ်အထည်ချုပ်စက်ရုံ ၃၀၀ ကျော် အရှိန်အဟုန်နဲ့ လည်ပတ်နေတာတွေ၊ ထိုင်းနိုင်ငံဘက်ခြမ်းမှာ လစာတိုးမြှင့်လာတာကြောင့် လုပ်ခချိုသာတဲ့ မြန်မာဘက်ကို ထိုင်းကုမ္ပဏီတွေ စိတ်ဝင်စားလာနေပြီး ထိုင်းအဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Fraser and Neave ဟာ မြန်မာနိုင်ငံမှာ ဘီယာစက်ရုံတည်ဆောက်ဖို့ လုပ်ဆောင်နေတာတွေ၊ တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီဟာ မနှစ်က တစ်ရက် ကား ၂ စီးပဲထုတ်ရာက ဒီနှစ်မှာ တစ်ရက် ကား ၅ စီးအထိ ထုတ်လုပ်လာတာတွေကို တွက်ဆပြခဲ့တာပါ။

တကယ့်တကယ်တမ်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်သာ ရင်းနှီးမြှုပ်နှံသူတွေလာဖို့ တွန့်ဆုတ်ကြပေမဲ့လည်း FDI တွေ ဦးစားပေးစဉ်းစားမှုထဲ အမြဲပါတဲ့ နိုင်ငံပါ။ အကြိမ်ကြိမ် အာဏာသိမ်းမှုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ထိုင်းပြည်သူတွေဟာ ပြည်ပရင်းနှီးမြုပ်နှံသူတွေကို တိုက်ခိုက်တာမျိုးမလုပ်ကြသလို အတိုက်အခံနိုင်ငံရေးသမားတွေကလည်း နိုင်ငံစုတ်ပြတ်သွားစေမဲ့ FDI တွေ ထွက်ပါတို့၊ ပိတ်ဆို့မှုတွေလုပ်ပါလို့ ဘယ်သူကမှ မတောင်းဆိုတာကြောင့်လည်း ထိုင်းဟာ အကြိမ် ၂၀ လောက်အာဏာသိမ်းတဲ့ကြားက မြန်မာနိုင်ငံထက် အဆ ၁၀၀ လောက်သာအောင် တိုးတက်နေတာမြင်ရတာပါ။ မြန်မာအတိုက်အခံတွေ ထိုင်းနိုင်ငံသားတွေလို အသိဉာဏ်ရှိလာမဲ့တစ်နေ့ကျရင်တော့ Democracy Backwave ရိုက်ရင်တောင် အခြေခံအဆောက်အအုံဖျက်ဆီးတာမျိုးမကြုံ၊ FDI ထွက်ပါမပြော၊ ပိတ်ဆို့မှုတောင်းဆိုသံမကြားရဘဲ စဉ်ဆက်မပြတ်တိုးတက်မှုမြင်ရမှာပါ။ အဲဒီအခြေအနေဖြစ်ဖို့လည်း အတိုက်အခံနိုင်ငံရေးသမားတွေ အသိဉာဏ်ရေချိန်မြင့်ဖို့ လိုအပ်ဦးမှာပါ။

“စောင့်ကြည့်ရမဲ့ ရုရှား-မြန်မာ မဟာ ဗျူဟာမြောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့”

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူစီစဉ်ထားတဲ့ နှစ်ရှည် ပူးပေါင်းဆောင်ရွက်မဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး Russia-Myanmar Strategic Economic Planning Group အဖွဲ့ ဖွဲ့စည်းတည်ထောင်ဖို့ အဆိုပြုကမ်းလှမ်းလိုက်ပြီး အဲဒီအဖွဲ့ဟာ စွမ်းအင်၊ လယ်ယာကဏ္ဍ၊ အခြေခံအဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်လက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စတဲ့ ကဏ္ဍအများအပြားမှာ ပူးပေါင်းဆောင် ရွက်သွားမှာပါ။ လက်ရှိအချိန်မှာ ရုရှားနဲ့ မြန်မာအကြား လေကြောင်းတိုက်ရိုက်ပြေးဆွဲတာ၊ ကျပ်-ရူဘယ်လ်တိုက်ရိုက်သုံးစွဲနိုင်ဖို့၊ နျူကလီးယားလျှပ်စစ်စက်ရုံတွေတည်ဖို့ စတာတွေ လုပ်ဆောင်လာတဲ့အပြင် နိုင်ငံ့တိုးတက်ရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံလုပ်ဆောင်လာနေတာကိုလည်း တွေ့ရပါတယ်။

ဒီနေရာမှာ NLD အစိုးရဟောင်းလက်ထက် အမေရိကန်အပေါ် မြန်မာလူမျိုးတွေ အလွန်အကျွံမျှော်လင့်ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ ၀ုန်းကနဲဝင်လာ၊ အကူအညီတွေ နတ်ဖန်ဆင်းသလိုရလာပြီး နေ့ချင်းညချင်း မြန်မာနိုင်ငံကြီးက တိုးတက်၊ ပြည်သူတိုင်းက Passive Income တွေနဲ့ အလုပ်မလုပ်ဘဲ ချမ်းသာဆိုတဲ့အခြေအနေမျိုးလို့ အလွန်အကျွံစိတ်ကူးမယဉ်မိဖို့တော့ လိုမှာပါ။ NLD အစိုးရဟောင်းလက်ထက်မှာလည်း အမေရိကန်ဟာ သူ့ထုံးစံအတိုင်း မြန်မာနိုင်ငံတိုးတက်ရေးကူညီဖို့ထက် အိမ်နီးချင်းတရုတ် အလုပ်ရှုပ်နေအောင် မွှေနောက်တာမျိုးပဲ အာရုံစိုက်လုပ်နေခဲ့ပြီး အကူအညီလည်းမရ၊ ရင်းနှီးမြှုပ်နှံမှုလည်း မလာ၊ နောက်ဆုံးမှာ ပြည်တွင်းပဋိပက္ခတွေနဲ့ ချာလပတ်လည်နေအောင်ပဲ မြှောက်ပင့်ပေးသွားလို့ အခုလို ပြည်သူအချင်းချင်းသတ်ဖြတ်တာပဲ ထိုင်ကြည့်နေရတဲ့ အဆင့်ရောက်လာသလိုမျိုးပဲ ရုရှားနဲ့ မြန်မာနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်း တတ်အားသမျှ ကန့်ကွက်ဖျက်ပြမဲ့ အခြေအနေကြုံရနိုင်သေးတာပါ။

သေချာတာကတော့ မြန်မာနိုင်ငံတိုးတက်ဖို့ဟာ ဘယ်သူ့မှ အားကိုးလို့မရဘဲ မြန်မာနိုင်ငံသားတွေကိုယ်တိုင်က ဝိသမလောဘတွေလျှော့၊ ရေတိုပဲအကျိုးရှိပြီး ပြည်သူအထိနာတဲ့ အိမ်ခြံမြေရွှေငွေကား စျေးကစားတဲ့ အလေ့အထထက် ကုန်ထုတ်လုပ်မှုမှာမြှုပ်နှံ၊ အစိုးရတာဝန်ယူထားသူတွေကလည်း Under Table တွေရဖို့ ကြိုးနီစနစ်တွေ မလိုလားအပ်တဲ့ အဆင့်ဆင့်တွေပယ်ဖျက်၊ ကုန်ထုတ်လုပ်မှုအားပြုစေမဲ့ နည်းဥပဒေတွေ ချမှတ်နဲ့ ဘက်စုံလုပ်မှ တိုးတက်မှာပါ။ ဒီကြားမှာလည်း နိုင်ငံရေးအချိုးအကွေ့တစ်ခုခုဖြစ်တိုင်း “ဖျက်ဟေ့၊ ဆီးဟ၊ ရင်းနှီးမြှုပ်နှံမှုတွေထွက်ကြ၊ ပိတ်ကြဆို့ကြပါတော့လား” လုပ်ဦးမဲ့ လူအန္ဓတွေ ထိုင်းပြည်သူလို အသိဉာဏ်တက်လာဖို့လည်း ဆုတောင်းကြပါလို့လည်း တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *