၁၈. ၉. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆေးကုသရန်တင်ထားသည့် ရဲတပ်ဖွဲ့ဆေးရုံအား သက်ဆင်၏ကျန်းမာရေး နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန်နှင့် ထောင်ထဲတွင်မနေရဘဲ အမှန်တကယ်ပင် ဆေးရုံတက်ကုသခံနေရန် လိုအပ်ပါကြောင်း အတည်ပြု သက်သေပြရန် စက်တင်ဘာ ၁၈ ရက်က တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသားနှင့် ပြည်သူတို့၏ကွန်ရက်(SNT) ဟု အမည်ခံသော အဖွဲ့တစ်ခု၏ကိုယ်စားလှယ်များက ပါသွမ်ဝမ်ခရိုင်ရှိ တော်ဝင်ရဲတပ်ဖွဲ့ရုံးသို့သွားကာ ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဒမ်ရွန်ဆတ် ကစ်တစ်ရာပါးစ်ထံ လိပ်မူထား‌သော တောင်းဆိုစာကို စက်တင်ဘာ ၁၈ ရက်တွင် ပေးပို့ခဲ့ကြသည်။

စာတွင် ထောင်ဒဏ်တစ်နှစ်ကျခံနေရသော်လည်း ထောင်သို့ရောက်ရှိပြီး ပထမည၌ပင် ကျန်းမာရေး အခြေအနေ ကြောင့် ဆေးရုံတက်ကုသခံနေရန်လိုမည်ဟုဆိုကာ ရဲတပ်ဖွဲ့ဆေးရုံသို့ရောက်ရှိနေသည့် သက်ဆင်၏ ကျန်းမာရေး နောက်ဆုံးအခြေအနေအား ထုတ်ပြန်ပေးရန်တောင်းဆိုထားသည်။ SNT အဖွဲ့ ၏ကိုယ်စားလှယ် တက်ကြွလှုပ်ရှားသူ ပီချစ်က သက်ဆင် ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိစဉ်အချိန်က ပုံမှန်ကျန်းမာရေးအနေအထားတွင် ရှိနေကြောင်း၊ ယခုအခါ ထောင်ထဲတွင်မနေရဘဲ ဆေးရုံတက်နေသည်မှာ တစ်လခန့် ရှိပြီဖြစ်ကြောင်းနှင့် သက်ဆင်အား ကုသနေသောဆရာဝန်များ၏ အမည်များကိုပါ ထုတ်ဖော်ပြောကြားရန် ရဲချုပ်သို့ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် သက်ဆင်မှာ ပြည်ပတွင် ၁၅ နှစ်ကြာတိမ်းရှောင်နေခဲ့ပြီးနောက် ဩဂုတ်လ ၂၂ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သက်ဆင်အပေါ် စွဲဆိုထားသည့်အမှုသုံးမှုအတွက် ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ်ရှစ်နှစ် ချခဲ့သော်လည်း ထိုင်းဘုရင်က ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေးခဲ့သည်။ ထို့ပြင်၎င်း၏ရှေ့နေက ပြစ်ဒဏ်ကာလမစေ့မီ ခံဝန်ချက်ဖြင့် သက်ဆင် လွတ်မြောက်နိုင်ရန် ဆက်လက်ကြိုးစားသွားရေး စီစဉ်ထားကြောင်းလည်း သိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *