April 29, 2024

၁၈. ၉. ၂၀၂၃
Written by Phyo Wei

ကန့်ကွက်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အကြိမ် ၂၀ မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20th ASEAN Air Chiefs Conference-20th AACC) မှာ အိမ်ရှင်မြန်မာနဲ့ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက လေတပ်ဦးစီးချုပ်တွေပဲ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံ လေတပ်ဦးစီးချုပ်တွေက Video Message ပေးပို့တာလုပ်ခဲ့ပေမဲ့ မလေးရှားနဲ့ အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားမတက်ရောက်ပေမဲ့လည်း 20th AACC အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ထိုင်းနိုင်ငံဘက်ကို မြန်မာ့တပ်မတော်သား ၁၀၀ လောက် နယ်ကျွံခဲ့တဲ့အပေါ် ကန့်ကွက်မှုတွေရှိခဲ့ပေမဲ့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ကတော့ မြန်မာ့တပ်မတော်သားတွေဟာ ထိုင်းပြည်သူတွေကို ရန်ပြုဖို့ဝင်လာတာမဟုတ်တဲ့အပြင် ဒီလိုဖြစ်စဉ်မျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်လို့လည်း ကာကွယ်ခဲ့သေးတာပါ။

အခြားတစ်ဖက်မှာလည်း KNU တပ်မဟာ (၇) ရဲ့ ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက NCA ကို အခြေခံ၊ ပြည်သူအကျိုးကို ရှေးရှုပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာရေး ဆောင်ရွက်မယ်လို့ ကြေညာခဲ့တာကြောင့် လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်းကို လက်နက်နဲ့ ဖြေရှင်းချင်တဲ့ KNU ဘက်က သဘောထားတင်းမာသူတွေနဲ့ နှလုံးရည်ရှိသူကြားက အဟကို ထင်သာမြင်သာဖြစ်စေခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ PDF တွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာတဲ့ ရဲတပ်ဖွဲ့အကြောင်း၊ NUG နဲ့ ဗိုလ်နဂါးကြား အရှုပ်တော်ပုံတွေအကြောင်းနဲ့ ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းမှာ အောက်ဆုံးအဆင့်က မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

“PDF ပစ်မှတ်ဖြစ်လာတဲ့ ရဲတပ်ဖွဲ့”

NUG နဲ့ PDF တို့ရဲ့ နွေဦးတော်လှန်ရေးစတင်တဲ့ ၃ နှစ်မပြည့်မီကာလအတွင်း ရဟန်းသံဃာ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ ကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးဝန်ထမ်းတွေအပါအဝင် NLD ပါတီဝင်မဟုတ်တဲ့သူ ၆၃၀၀ ကျော်ဟာ “ဒလန်၊ သူလျို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သ တ်ဖြ တ်လုယက်ခံထားရပြီး ဒီအထဲမှာ USDP ပါတီဝင်တွေက အများဆုံးဖြစ်သလို တစ်ဖက်မှာလည်း လက်နက်မဲ့ပြည်သူကြားပဲ ဗုံးခွဲသ တ်ဖြ တ်မှုတွေ လုပ်နေတဲ့ NUG နဲ့ PDF တွေရဲ့ ပစ်မှတ်အသစ်ဟာ ရပ်ကျေး၊ ပြည်သူ့စစ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်လာတဲ့သဘောမြင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် MT News သတင်းဌာနရဲ့ မှတ်တမ်းတွေအရ စက်တင်ဘာ ၁၃ ရက်ကနေ စက်တင်ဘာ ၁၈ ရက်အတွင်းမှာကို ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ သ တ်ဖြ တ်ခံခဲ့ရတယ်ဆိုတာ တွေ့ခဲ့ရလို့ပါ။

MT News သတင်းဌာန ရေးသားဖော်ပြခဲ့ပြီးတဲ့ သတင်းတွေအရကို စက်တင်ဘာ ၁၃ ရက်တုန်းက လှိုင်သာယာမြို့နယ်မှာ ရဲအုပ်အောင်ကိုထွေး သ တ်ဖြ တ်ခံခဲ့ရသလို စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာမှာဆိုရင်လည်း ဒုရဲအုပ်သန်းမင်းစိုးနဲ့ ဇနီးတို့ သ တ်ဖြ တ်ခံခဲ့ရတာပါ။ ဒါ့အပြင် အဲဒီနေ့မှာပဲ ပုဂံပြည်ဘီလူးတပ်နဲ့ PDF လေးဖွဲ့ပေါင်းပြီး ဒီပဲယင်းမြို့အဝင်ဂိတ်မှာ ရဲတပ်ဖွဲ့ဝင်လေးဦးကို သ တ်ဖြ တ်ခဲ့သလို စက်တင်ဘာ ၁၈ ရက် ဒီနေ့မှာလည်း ရေးဘီလူးအဖွဲ့က ရေးမြို့လယ်ခေါင်မှာ သတင်းရဲတပ်ဖွဲ့က ရဲအုပ်မြင့်လွင်ကို သ တ်ဖြ တ်ခဲ့မှုဖြစ်ခဲ့သေးတာပါ။ တခြားသတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ဖြစ်စဉ်တွေမှာ စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာပဲ ဒီပဲယင်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဘုတလင်မြို့မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သ တ်ဖြ တ်သွားတယ်လို့ သတင်းထွက်ခဲ့သေးတာပါ။ သေချာတာကတော့ လက်နက်ကိုင် PDF တွေအနေနဲ့ လက်နက်အဟောင်းတွေပဲကိုင်ရပြီး ပစ်ခတ်ရမှုနည်းပါးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားလာတာ မြင်ရပြီး ပြည်သူကို ကာကွယ်ပေးရမဲ့သူတွေကိုယ်တိုင်က PDF တွေ အလွယ်တကူသ တ်ဖြ တ်နိုင်တယ်ဆိုတာဟာ ဖြစ်သင့်လားဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေပဲ ချိန်ဆရမှာပါ။

“NUG နဲ့ ဗိုလ်နဂါးကြား အရှုပ်တော်ပုံ”

ငွေကြေးအရှုပ်အရှင်းတွေနဲ့ အမြဲနာမည်ပျက်တဲ့ NUG ဟာ ဗိုလ်နဂါးနဲ့ အငြင်းပွားမှုမှာလည်း ကျေလည်အောင်မရှင်းနိုင်ခဲ့ပြန်ပါဘူး။ NUG ရဲ့ COC ကနေ ဗိုလ်နဂါးထွက်ပြီး BRNA ဆိုတဲ့ ကိုယ်ပိုင်တပ်ပြန်ထောင်ချိန်မှာ ဗိုလ်နဂါးပြောကြားချက်တွေ၊ ငွေကြေးဆိုင်ရာကိန်းဂဏန်းတွေကပဲ မှန်ကန်ခဲ့တာတွေ့ရသလို ပြည်ပမှာ ထင်သလိုသုံးဖြုန်းရင်း မိသားစုလိုက် ဘ၀ကောင်းစားဖို့ ရပ်တည်နေတဲ့ NUG က ဝန်ကြီးဆိုသူတွေဟာ ဗိုလ်နဂါးပြောတာတွေ မဖြေရှင်းနိုင်ချိန်မှာ BRNA တည်ထောင်မှုနဲ့ NUG နဲ့ စစ်ရေးအရပူးပေါင်းမှုမလုပ်ဘူးလို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုး NUG ဘက်က ဗိုလ်နဂါးကို မချေပနိုင်ချိန်မှာ ဗိုလ်နဂါးကပဲ လူလိမ်သဘော ထုတ်ပြန်ခဲ့ပေမဲ့လည်း အဲဒီစာထုတ်တဲ့ NUG သမ္မတရုံးက ဦးကျော်ဇောကို အမည်တပ်ပြီး စာပြန်ပေးဖို့ ဗိုလ်နဂါး တောင်းဆိုချိန်မှာလည်း ဦးကျော်ဇောက တုန့်ပြန်နိုင်ခဲ့တာမရှိဘဲ ဗိုလ်နဂါးက ပွဲခံသွားပြီး BRNA အတွက်လည်း ထောက်ပို့ငွေတွေ အများကြီးရလာတာမြင်ရပါတယ်။

တစ်ဖက်မှာတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဆိုတဲ့ ဦးရည်မွန်အပါအဝင် NUG ဝန်ကြီးတွေဟာ သူတို့မိသားစုကို အမေရိကန်အပါအဝင် ပြည်ပနိုင်ငံမှာထားတာ၊ ဒီလူတွေရဲ့ ရပ်တည်မှုစရိတ်ကို တော်လှန်ရေးအလှုငွေကသုံးတာ၊ မယားငယ်ထားကြ၊ လာဘ်စားကြတာကအစ ဖော်ထုတ်ခံရပြီး ဒီလိုမျိုး ကိုယ်ကျိုးရှာ၊ မယားငယ်ထားပြီး ပြည်ပမှာ အရက်သောက်လိုက် ဇိမ်ခံလိုက်လုပ်နေတဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ LPDF တောင် မဆွဲဆောင်နိုင်တော့တာမို့ EAOs တွေက NUG အောက်ဝင်လာပြီး ဖက်ဒရယ်တပ်မတော်ကြီးထူထောင်မယ်ဆိုတဲ့ NUG ရဲ့ ယုံတမ်းစကားတွေကိုပါ ပျက်ရယ်ပြုခံရတာ မြင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်တုန်းက ဒီလိုမျိုးဖြစ်ရပ်တွေကိုရေးရင် လူထုက မယုံကြည်ကြပေမဲ့ အခုအချိန်မှာတော့ NUG ထောက်ခံတဲ့ အမာခံတွေကိုယ်တိုင်က ဖော်ထုတ်နေကြတာမို့လို့ ဒီဖြစ်ရပ်တွေက အမှန်ဆိုတာ လက်ခံယုံကြည်လာကြပါပြီ။ စနစ်တစ်ခုကို ပြောင်းလဲမယ်ဆိုရင် အဲဒီစနစ်ထဲက လူတွေထက်သာလွန်ကြီးမြတ်နေမှ လူထုယုံကြည်မှာဖြစ်ပြီး ဒီလူတွေလည်း ခိုးတာ၊ အရသာခံတာ၊ သ တ်ဖြ တ် လုယက်တာပဲ။ ငါတို့လည်း လုပ်မှာပဲဆိုရင်တော့ ဖြုတ်ချခံရပြီး ကျရှုံးသွားတဲ့ အရင်အစိုးရဟောင်းကိုပဲ သံဝေဂယူဆင်ခြင် ပါလို့ ပြောပါရစေ။

“ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းမှာ အောက်ဆုံးက မြန်မာ”

အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် US News & World Report သတင်းဌာနက ကမ္ဘာ့နိုင်ငံပေါင်း ၈၇ နိုင်ငံကို လေ့လာသုံးသပ်ပြီး ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၈၀ မှာ ရပ်တည်ခဲ့သလို အာဆီယံဒေသတွင်းမှာလည်း အောက်ဆုံးပါ။

အမေရိကန်သတင်းဌာနဟာ စွန့်စားမှု၊ သွက်လက်မှု၊ ယဉ်ကျေးမှု လွှမ်းမိုးမှု၊ စွန့်ဦးတီထွင်မှု၊ ရှေးဟောင်းအမွေအနှစ်၊ ရွှေ့ပြောင်းမှု၊ စီးပွားရေး လုပ်ကိုင်မှုလွတ်လပ်ပွင့်လင်းတာ၊ ဘဝအရည်အသွေးနဲ့ လူမှုရေး ရည်ရွယ်ချက် စတဲ့အချက်တွေ အခြေခံပြီး ကမ္ဘာ့အဆင့်သတ်မှတ်ပေးခဲ့ရာမှာ မြန်မာက ၄ ဒသမ ၉ မှတ်ပဲရခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ရပ်တည်မှုအဆင့်က ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်ကထက် ၄ ဆင့် ကျဆင်းခဲ့ပြီး အောက်ဆုံးမှာဆို အီရန်၊ ဘီလာရုစ့်၊ လက်ဘနွန်၊ ဥဇဘက်ကစ္စတန်၊ ဆားဘီးယား၊ ဟွန်းဒူးရက်စ်၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ ကင်မရွန်းတို့လို နိုင်ငံတွေနဲ့ ဒိုးတူပေါင်ဖက် အညံ့ပြိုင်ခဲ့ပါတယ်။

တကယ်တော့လည်း LDC ဘဝက မလွတ်သေးတဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံဟာ အာရှမှာတိုးတက်ဖို့တောင် ဆယ်စုနှစ်လောက် ကျွဲရုန်းနွားရုန်း ရုန်းရမဲ့အချိန်မှာ နိုင်ငံရေးပဋိပက္ခဖြစ်လို့ အစိုးရတစ်ရပ်မကျေနပ်တာနဲ့ နိုင်ငံပိုင်အဆောက်အအုံတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ လျှပ်စစ်ရုံးတွေ၊ တာဝါတိုင်တွေ အကုန်ဖျက်ဆီးပြီးမှ အသစ်ပြန်ဆောက်မဲ့ဆိုတဲ့ အတွေးအခေါ်နိမ့်ပါးသူတွေ ထင်သလိုဖျက်ဆီးလိုက်လို့ အခြေခံအဆောက်အအုံ ၂၀၀၀ အထက် ပျက်သုဥ်းနေချိန်မျိုး၊ နိုင်ငံ့ဝန်ထမ်းတွေပြည်သူတွေကို သ တ်ဖြ တ်နေကြတာမျိုး၊ ဝိသမလောဘတွေနဲ့ စျေးကစားနေတဲ့နိုင်ငံမျိုး၊ နေရာအနှံ့မှာ မြေမြှုပ်မိုင်းထောင်နေတဲ့နိုင်ငံမျိုး၊ ကျောင်းတက်နေတဲ့ကလေးတောင် သူလျှို၊ ဒလန်ဆိုပြီး သ တ်ဖြ တ်နေတဲ့နိုင်ငံမျိုးဟာ ကမ္ဘာ့အကောင်းဆုံးနိုင်ငံစာရင်းမှာ အီရန်နဲ့အပြိုင်မရပ်တည်တာကိုက အံ့ဩစရာဖြစ်ပေမဲ့ ဒီလိုမျိုး အလုံးစုံပျက်သုဥ်းရေးမူကို ဆက်ထောက်ခံနေသရွေ့ လာမဲ့တစ်နှစ်လောက်မှာကို အီရန်နဲ့ပြိုင် ဘယ်သူနိုင်မလဲဆိုတဲ့ အညံ့ဖျင်းဆုံးနေရာ ယှဥ်ပြိုင်အရွေးခံနိုင်မှာ မလွဲပါဘူးလို့ တွေးဆရင်းပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *