၁၈. ၉. ၂၀၂၃

Written by Zaw Moe

နိုင်ငံရေးပါတီများ၏ ပါတီဝင်စာရင်းများကို စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသဖြင့် မြေပြင်အခြေအနေအထိ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ယနေ့ပြန်လည်ဖြေကြားသည်။

ပါတီမှတ်ပုံတင်ကျပြီးသည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်စာရင်းများအား UEC ထံသို့ တင်ပြထားပြီး ထိုမှတစ်ဆင့် UEC မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဆင့်အထိ ပြန်လည်စစ်ဆေးခိုင်းနေမှုအခြေအနေများနှင့် ပတ်သက်ပြီး UEC က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီဝင်များက တင်ပြလာသည့် ပါတီဝင်စာရင်းများ တိကျမှန်မှုရှိရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က MLPPS နှင့် CVLMS Software များဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပါတီစာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်သာ တူသူများနှင့် ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်းမရှိသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြာင်း စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း UEC က ဖြေကြားထားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီအသီးသီးက တင်ပြလာသော ပါတီဝင်အင်အား စာရင်းများကို စနစ်တကျ စိစစ်နိုင်ရေးအတွက် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများအနေဖြင့် ၎င်းတို့ စည်းရုံးရရှိပြီး ပေးပို့ထားသည့် ပါတီဝင် အဆိုပြုလွှာများ၊ ပါတီဝင်ဖြစ်ကြောင်း အထောက်အထား (ကတ်)များ၊ အင်အားစာရင်းများနှင့်အတူ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း UEC က ဖြေကြားထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နဘ် တစ်အတွင်း၌သာ စည်းရုံးမည့်ပါတီဝင်ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃(က) အရ မိမိတို့ပါတီ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်းများကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရမည်ဖြစ်၍ ယင်းပါတီဝင် အင်အားစာရင်းများသည် မြေပြင်တွင် အမှန်တကယ် စည်းရုံးရရှိထားသော ပါတီဝင်များ ဟုတ်/ မဟုတ် စစ်ဆေးခံနိုင်ရေး ပါတီများကို အကြောင်းကြားထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *