၁. ၉. ၂၀၂၃
Written by Peya

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARA အမည်ရှိ မူဆလင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ထပ်မံထွက်ပေါ်လာပြီး လှုပ်ရှားမှုများ စိပ်လာကြောင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး အခြေအနေနှင့် ပတ်သက်၍ သုံးသပ်လေ့လာသူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ အဖွဲ့၏ အမည်အပြည့်အစုံမှာ Arakan Rohingya Army (ARA) ဟူ၍ ဖြစ်ကာ RSO အဖွဲ့ က ခွဲထွက်လာခြင်းဖြစ်ပြီး အင်အား ရာဂဏန်းခန့် ရှိမည်ဟု ခန့်မှန်းရသလို ယခုနောက်ပိုင်းတွင် တူညီ စစ်ယူနီဖောင်း ဝတ်ဆင်ခြင်းနှင့် လက်နက်များ တပ်ဆင်ပေးလာနိုင်သည်ကို တွေ့လာရကြောင်း ၎င်းကဆိုကာ MT News သတင်းဌာနက စုံစမ်းထားသည့် အချက်အလက်များ အရ အဆိုပါအဖွဲ့ ၏ ခေါင်းဆောင်မှာ Mr. Nobi Hussain ဖြစ်ဖွယ်ရှိပြီး ၎င်းတို့ ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာလည်း ရှိနေကာ ARSA အဖွဲ့ နှင့် ပတ်သက်၍ ဆန့်ကျင်ဘက် ရေးသားချက်များ ရေးသားထားကြောင်း တွေ့မြင်ရသည်။

“ARSA နဲ့ကတော့ အပြန်အလှန် ဖြစ်နေကြတာပဲ။ ARSA ကလည်း သိရသလောက် လေးဖွဲ့လောက် ကွဲသွားတယ်။ နှစ်ဖွဲ့လောက်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းဘက်မှာ ရှိနေတယ်။ ARA က အခုနောက်ပိုင်း စုဖွဲ့မှု အားကောင်းလာတယ်။ အရင်က သိရသလောက် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှာ စတွေ့ရတာ။ ဒီ့နောက်ပိုင်းမှာတော့ မောင်တောမြို့နယ် မြောက်ပိုင်းဘက်ကို ARA ရွှေ့လာတယ်လို့ ယူဆရတယ်။ ဘာလို့လည်းဆိုတော့ မောင်တောမြောက်ပိုင်းက မြင်ကွင်းတွေကို တွေ့ရလို့ ဖြစ်ပါတယ်” ဟု အထက်ပါ သုံးသပ်လေ့လာသူက ဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တွင် AA လည်း ရှိနေပြီး ယခု ARA လှုပ်ရှားသည်ဟု ယူဆရသော နယ်မြေမှာ AA ထိန်းချုပ်ရာ ဒေသဘက် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

“AA နဲ့ ARA ထိတွေ့တိုက်ပွဲ ဖြစ်တယ်လို့ မရှိသေးဘူး။ AA က မယူတောင်ကြောဘက်လောက် ကျတယ်။ ARA လှုပ်ရှားတာက ပင်ဘယ်ဘက်ကျတယ် ပြောရမယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့လည်း နီးပါတယ်” ဟု အထက်ပါ သုံးသပ်လေ့လာသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *