






၃၀.၉.၂၀၂၆
Written by Linn Eain
မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာတွင် ဒုဌ၀တီမြစ်ကမ်းပါးပြိုကျမှု ယနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး နေအိမ် ငါးလုံး ပြိုကျပျက်စီးမှုထဲ ပါသွားကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။
ထို့ပြင် ဒုဌ၀တီမြစ်ကမ်းပါးပြိုကျမှုအနီး ကျန်ရှိနေအိမ်များကို အရေးပေါ်ရွှေ့ပြောင်းမှုများအား သက်ဆိုင်ရာ မီးသတ်တပ်ဖွဲံဝင်များနှင့်အတူ ပူးပေါင်းကူညီခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းက ဖော်ပြထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ကမ်းပါးပြိုကျမှုသို့ အမရပူရမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်း၊ တောင်သမန်အရန်မီးသတ်စခန်း၊ ရွှေကြက်ယက်အရန်မီးသတ်စခန်း၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၂ နာရီက ထုတ်ပြန်ထားသည်။
မတူပီမြို့ (Matupi)အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram)တို့ကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီခွဲက ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။
ထို့ကြောင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဖြတ်သန်းရာဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ် ခြင်း၊ ရုတ်တရက်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Photo- MFSD ၊ မဏီစလလူမှုကူညီရေးအသင်း
