၃၀.၉.၂၀၂၆
Written by Linn Eain
ပြည်သူလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “EAO များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မတူညီသောရည်မှန်းချက်၊ လိုလားချက်များနှင့်စပ်လျဉ်းပြီး EAO များနှင့် အစုအဖွဲ့အလိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆွေးနွေးဖက်အဖြစ်မဟုတ်ဘဲ အတူတကွပူးပေါင်းဆောင်ရွက်သူများအဖြစ် သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာအောင် အားလုံးမှ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း” ပြောကြားခဲ့သည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေး မှူး(၁) စဝ်စိုင်းငင်းက “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်လာအောင် သင့်လျော်မည့်လမ်းကြောင်းများဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းကို သိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် အရေးကြီးဆုံးဖြစ်သည့် ယုံကြည်မှုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် စီမံဆောင်ရွက်ထားမှု အခြေအနေများ၊ NCA –S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တွေ့ဆုံဆွေးနွေးပွဲများတွင် တိကျသည့် သဘောတူညီချက်များ ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက NCA အနှစ်သာရကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးမှုပုံစံ၊ ဆွေးနွေးမည့်အကြောင်းအရာ၊ ယုံကြည်မှုတည်ဆောက်ရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အခြေခံမူများရရှိရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပါဝင်လာစေရေး၊ EAO များ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၌ ပြည်သူလူထုအခြေပြုဆွေးနွေးပွဲများ၊ ဖိုရမ်များကျင်းပပြုလုပ်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
