သက်တံ့
၃၀. ၉.၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒွန်မောင်းခရိုင်၊ ဝိဗာဝတီ ရန်းဆစ် ၇၂ သွယ် (Soi Vibhavadi Rangsit 72) လမ်းဘေးတွင် ရပ်ထားသည့် လျှပ်စစ်ကား (EV) တစ်စီး ယနေ့နံနက်စောစောပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး လုံးဝပျက်စီးသွားခဲ့ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒွန်မောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ မော်တော်ယာဉ် မီးလောင်မှုသတင်းကို ယနေ့ စက်တင်ဘာ ၃၀ ရက်သို့ကူးစ နံနက် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် လက်ခံရရှိခဲ့ပြီးနောက် ဘန်းခဲန်နှင့် ဒွန်မောင်း မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ရေသယ်ယာဉ် ၂ စီးတို့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြသည်။
မီးလောင်မှုသည် စဖန်းမိုင် (Saphan Mai) အနီး ဖဟွန်ယိုသင်း လမ်းမကြီးသို့ ဦးတည်သည့် ၃ လမ်းသွား လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် အဖြူရောင် လျှပ်စစ်ကားတစ်စီးသည် ဘယ်ဘက်အစွန်ဆုံး လမ်းကြားတွင် ရပ်ထားစဉ် မီးတောက်များ လှိုင်လှိုင်လောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။

မီးသတ်သမားများက မိနစ် ၂၀ ခန့် ကြိုးပမ်းငြှိမ်းသတ်ခဲ့ရပြီး မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ မော်တော်ယာဉ်မှာ လုံးဝပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်း သတင်းရရှိသည်။
အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်း သို့မဟုတ် ယာဉ်ပိုင်ရှင်ကို မတွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ပဏာမ စိစစ်တွေ့ရှိခဲ့သည်။
ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အဆိုပါဧရိယာသည် လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်တော်ယာဉ်များ သွားလာရန် ခက်ခဲသည်အထိ ရေကြီးရေလျှံမှုများ သိသိသာသာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် လမ်းဘေးတွင် ကားအချို့ သွားလာရခက်ခဲကာ ပိတ်မိကျန်ရစ်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများက အဆိုပါ လျှပ်စစ်ကားသည် ရေကြီးစဉ်အတွင်း လမ်းပေါ်တွင် ထားပစ်ခဲ့ခြင်း ဖြစ်နိုင်ပြီး ရေကျချိန်တွင် ရှော့ခ်ဖြစ်လောင်ကျွမ်းသည်ဟု သံသယရှိသော်လည်း မီးလောင်ရသည့် အကြောင်းအရင်းအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်ပိုင်ရှင်အား စုံစမ်းရှာဖွေလျက်ရှိပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Khaosod
