၃၀.၉.၂၀၂၆
Translated by Htwe Ko Tun
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဩဇာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျောင်က တောင်ကိုရီးယားအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရ ရန်စလှုံ့ဆော်မှု ပြုလုပ်ရန်အတွက် မြောက်ကိုရီးယားက စစ်မဲ့ဇုန် (DMZ) အတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကို ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ဖန်တီးကြံဆနေကြောင်း စက်တင်ဘာလ ၃၀ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားဘက်မှ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်ကာ မိုင်းများထောင်ခဲ့သည်ဟူသော ပြောဆိုချက်များကို ကင်ယိုဂျောင်က ငြင်းဆိုခဲ့ပြီး ယင်းမှာ တင်းမာမှုမြင့်တက်လာခြင်းအတွက် တာဝန်ရှိမှုကို မြောက်ကိုရီးယားထံ လွှဲပြောင်းပေးရန် ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်စီစဉ်ထားသော မဟုတ်မမှန် စွပ်စွဲချက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃၀ ရက်က နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သော ကင်ယိုဂျောင်၏ ထုတ်ပြန်ချက်၌ တောင်ကိုရီးယားအနေဖြင့် မိမိတို့ကိုယ်တိုင် ဖန်တီးထားသည့် လုပ်ဇာတ်အတွက် ပေးဆပ်ရမည့်အရာကို ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း သတိပေးထားခဲ့သည်။
စက်တင်ဘာလအတွင်း ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန် (DMZ) အတွင်း ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများကြောင့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့အကြား စကားစစ်ထိုးပွဲကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် တောင်ကိုရီးယား စစ်သားများ ဒဏ်ရာရရှိခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်းပန်မှုပြုလုပ်ရန် တောင်ကိုရီးယား စစ်တပ်က တောင်းဆိုခဲ့သည်။ DMZ ၏ တောင်ကိုရီးယားဘက်ခြမ်းတွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုများက မြောက်ကိုရီးယား၏ မိုင်းများကြောင့် ဖြစ်နိုင်ခြေအလွန်များကြောင်းလည်း တောင်ကိုရီးယားက စက်တင်ဘာလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၁ ရက်က ကိုရီးယားနှစ်နိုင်ငံကို ခြားနားထားသည့် ကြားခံနယ်မြေဖြစ်သော စစ်မဲ့ဇုန် (DMZ) အတွင်း ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုများ၌ တောင်ကိုရီးယားဝန်ထမ်း သုံးဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
တောင်ကိုရီးယားက ထိုပေါက်ကွဲမှုမှာ ဆယ်စုနှစ်များစွာကြာမြင့်ပြီဖြစ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှုဖြစ်သည်ဟု ဆိုခဲ့ပြီး ယင်းအတွက် သင့်လျော်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ကတိပြုပြောကြားခဲ့သည်။
မြောက်ကိုရီးယားကမူ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်တွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားအစိုးရ၏ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာစေရန် ဖန်တီးထားသည့် လုပ်ဇာတ်သက်သက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဒေသကို ခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် မြောက်ကိုရီးယားက ထိုမိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက ယူဆထားသည်။ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ချက် တစ်ခုတွင်လည်း ၎င်းတို့က မြောက်ကိုရီးယားအနေဖြင့် ပေါက်ကွဲမှုအတွက် တောင်းပန်ရန်နှင့် နယ်စပ်တစ်လျှောက် ထိုကဲ့သို့သော ခိုင်မာစေရေး လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။
Ref-BBC
