



MT News
၂၉. ၉. ၂၀၂၆
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ တရားမဝင် တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ တားဆီးကာကွယ်နှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းရှိ သဘာဝအဖိုးတန် သယံဇာတများကို ခိုးယူတူးဖော်၍ တရားမဝင် ခိုးထုတ်ရောင်းချခြင်း၊ ၎င်းမှ ရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူစုဆောင်းကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ကျူးလွန်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ -စက်တင်ဘာ ၁၈ ရက်တွင် ရေနံချပ်ကျေးရွာအနီး တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် လက်လုပ်ရေနံတွင်း ၃၉ နေရာ၊စက်တင်ဘာ ၁၉ ရက်တွင် ၃၅ နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် ၄၄ နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် ၁၇၆ နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် ၁၈၄ နေရာ၊စက်တင်ဘာ ၂၃ ရက်တွင် ၁၃၈ နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် ၆၈ နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် ၂၅ နေရာ၊ စက်တင်ဘာ ၂၆ ရက်တွင် ၁၈ နေရာနှင့်စက်တင်ဘာ ၂၇ ရက်တွင် ၈ နေရာ စုစုပေါင်း ၇၃၅ နေရာ တို့အား ရှာဖွေဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ နေထိုင်ခဲ့သည့် ယာယီတဲအဆောက်အအုံ ၅၀၉ လုံး တို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ခုလုံးတွင်လည်း တရားမဝင် ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှု မရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ရပ်ရွာလူထုကို အနိုင်ကျင့်ဗိုလ်ကျပြီး တရားမဝင် ရေနံတွင်းများကို ကိုယ်တိုင်တူးဖော်ခြင်း၊ ဒေသန္တရ လုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်၍ ရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်း ဝယ်ယူကာ အင်အားတည်ဆောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
