သက်တံ့
၃၀. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီ (Tennessee) ပြည်နယ်တွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများဖြင့် အကျဉ်းကျခံခဲ့ရသူ မြန်မာနိုင်ငံသားတစ်ဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ အာဏာပိုင်အဖွဲ့ (ICE) က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နေရပ်သို့ ပြန်လည်နှင်ထုတ်ရန် စီစဉ်နေကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က ယနေ့ သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံရသူမှာ ဇမ်မွန်းလျန် (Zam Muan Lian) အမည်ရှိ မြန်မာနိုင်ငံသား၊ ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သည်။
ဇမ်မွန်းလျန်သည် တင်နက်ဆီပြည်နယ်၊ မာဖရီးစ်ဘိုရို (Murfreesboro) မြို့တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အသက်မပြည့်သေးသူအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု သုံးမှုတို့ဖြင့် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် (၈) နှစ် ကျခံခဲ့ပြီးသူဖြစ်သည်။
ပြစ်ဒဏ်စေ့မြောက်ပြီးနောက် အမေရိကန်၏ ရာဇဝတ်ကောင်များ နှင်ထုတ်ရေး အထူးစစ်ဆင်ရေးအရ ICE အေးဂျင့်များက ၎င်းကို ထပ်မံဖမ်းဆီးခဲ့ပြီး နိုင်ငံတွင်းမှ ပြန်လည်နှင်ထုတ်ရန် (Deportation) အတွက် လက်ရှိတွင် ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

“မနေ့က ICE ရဲ့ ရဲရင့်တဲ့ ဝန်ထမ်းတွေဟာ လူသတ်သမားတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားသူတွေ၊ ဓားပြတွေနဲ့ အခြား အန္တရာယ်ရှိတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်” ဟု အမိမြေလုံခြုံရေးဝန်ကြီး မာခ်ဝိန်း မူလင် (Markwayne Mullin) က ပြောကြားခဲ့သလို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးအရေးယူမှုအပေါ် အကာအကွယ်ပေးနေတဲ့ နိုင်ငံရေးသမားတွေရဲ့ အန္တရာယ်ရှိပြီး ရုပ်ဆိုးလှတဲ့ စွပ်စွဲပြစ်တင်စကားတွေကြောင့် ICE အရာရှိတွေအပေါ် တိုက်ခိုက်မှု ၁,၆၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပေမဲ့ ICE ဟာ ဥပဒေစိုးမိုးရေးဆောင်ရွက်တာ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတာနဲ့ အမေရိကန်ပြည်သူတွေကို အကာအကွယ်ပေးတာတွေကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။”ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။
ယခု ဖမ်းဆီးမှုသည် အမေရိကန်ပြည်ထောင်စုအတွင်းရှိ လူသတ်မှု၊ လုယက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကဲ့သို့သော အန္တရာယ်ရှိ ရာဇဝတ်ကောင်များကို ပစ်မှတ်ထား နှင်ထုတ်သည့် “Worst of the Worst” အထူးဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်ကြောင်း DHS ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
Ref: ICE
