နေမိုး
၃၀. ၉. ၂၀၂၆
ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည့် ပဲခူး PDF သုံးဦးက မိမိနေအိမ်တွင်ရှိနေသည့် လက်နက်မဲ့အမျိုးသမီးနှစ်ဦးကို ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်သတ်လိုက်မှု မင်းလှမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ရွာမကျေးရွာနေ ဒေါ်မစု (၅၇)နှစ်နှင့် ဂန့်ဂေါ်ပင်ရွာသစ်ကျေးရွာနေ ဒေါ်စန်းစန်းဝေ(ခ)ဒေါ်စန်းစန်းလွင်(၃၃)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” များဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် လက်နက်မဲ့ပြည်သူများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ ၁၀၀ ကျော် ပျံလွန်ခဲ့ရသည့်အပြင် အပြစ်မဲ့အရပ်သားများ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
