မျိုးသုဥ်းလုနီး အခြေအနေ ပြန်မရောက်ရန် ပြည်သူများဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်နေဆဲ ဖြစ်

၁. ၉. ၂၀၂၃
Written by Peya

ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်အဖြစ် ရောက်ဖူးပြီး မျိုးသုဉ်းလုနီးပါး အခြေအနေကို ရောက်ရှိသွားခဲ့ဖူးသော်လည်း ယခုအခါ နိုင်ငံတော်အစိုးရနှင့် ပညာရှင်များ၏ ထိန်းသိမ်းမှုများကြောင့် အကောင်အရေအတွက် ပြန်လည်မြင့်တက်လာပြီ ဖြစ်သည့် မြန်မာ့မျိုးရင်း တိုက်လိပ်များကို အဆိုပါ အခြေအနေ ပြန်မရောက်ရန်အတွက် ပြည်သူများ အနေဖြင့် ထိန်းသိမ်းပေးရန် လိုအပ်နေဆဲ ဖြစ်ကြောင်း လိပ်ပညာရှင်တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ လိပ်များသည် သဘာဝ အခြေအနေအားဖြင့် ချင်းတွင်းမြစ် အထက်ပိုင်းနှင့် ဒုဌဝတီမြစ်တို့တွင် ကျက်စားကြခြင်းဖြစ်ပြီး ယခင်က ကမ္ဘာ့အရှားပါးဆုံး မျိုးစိတ်စာရင်းဝင် မြန်မာ့မျိုးရင်းတစ်ခုဖြစ်သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စတင်ကာ ပညာရှင်များက ပြန်လည်တွေ့ရှိထိန်းသိမ်းထားခြင်းကြောင့် အကောင်ရေ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုက်လိပ်များကို လောကနန္ဒာဘေးမဲ့တော ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တို့တွင် မွေးမြူထိန်းသိမ်းထားသကဲ့သို့ စင်ကာပူနိုင်ငံသို့လည်း တိုက်လိပ်များကို ငှားရမ်းထားကြောင်းသိရသည်။

“သူတို့ရဲ့ နေထိုင်မှုပုံစံ ပျက်စီးတာပေါ့။ သူတို့ကို သောင်လိပ်လို့ ခေါ်တယ်။ အစာစားချိန်လောက်ပဲ ရေထဲကို ဆင်းတာ။ ရေလိပ်တွေက အိပ်တယ်ဆိုရင်လည်း ရေထဲမှာ အိပ်နိုင်တယ်လေ။ တစ်ခါတလေကျတော့လည်း အပင်တွေ ခြုံပုတ်ကြားထဲမှာ အိပ်နိုင်တယ်။ ဒါပေမယ့် ရေလိပ်အများစုကတော့ ရေထဲမှာ အိပ်တာ။ တိုက်လိပ်တွေကကျတော့ မနက်စောစော ထပြီး အစာစားပြီးတာနဲ့ တနေကုန်ကို သောင်ပြင်ကြီးပေါ်မှာ လှဲနေတော့တာ။ ဘုရားကန်ထဲမှာ မြင်နေကျ လိပ်တွေလို အမြဲတမ်းရေထဲမှာ နေလိုက်၊ အစာစားလိုက် အဲ့ဒီလို နေတာမဟုတ်ဘူး။ သူတို့က အစာဝဝ စားတယ်။ အဓိကတော့ ရေသဖန်းသီးတို့ မြစ်ကမ်းဘေးက အသီးကြွေတွေ အသီးပုပ်တွေကို စားတယ်။ အစားဝဝ စားပြီးပြီဆို လှဲနေတော့တာ။ တခြားလိပ်တွေထက် သူတို့က ဖမ်းဖို့လွယ်တယ်လေ။ အိပ်နေတဲ့အခါ ဒီအတိုင်း ကောက်ကိုင်လိုက်ရုံပဲ။ တခြားလိပ်တွေလို ပိုက်ကွန်နဲ့ ဖမ်းနေစရာ မလိုတော့ အဲ့ဒါကြောင့် အရင်က မျိုးသုဉ်းလု အခြေအနေကို ဆိုက်ရောက်သွားတာပါ” ဟု အထက်ပါ ပညာရှင်က ဆိုသည်။

တိုက်လိပ်တို့၏ သားပေါက်ရာသီတွင် ဥများကို တူးယူခြင်း၊ တောရိုင်းတိရစ္ဆာန်စျေးကွက်တွင် ရောင်းချခြင်း၊ အသားများကို စားသုံးကြခြင်းအပြင် အဆိုပါ လိပ်များ ကျက်စားရာ ချင်းတွင်းမြစ် အထက်ပိုင်းတွင် ရွှေတူးခြင်း၊ သဲတူးခြင်းတို့ကြောင့် ဥချရန် နေရာ ပျောက်လာသည့် အခြေအနေရှိသည့် အပြင် ပုံမှန်မဟုတ်သည့် ငါးဖမ်းခြင်းကြောင့်လည်း တိုက်လိပ်များအတွက် မျိုးသုဉ်းမည့်ဘေးကို တဖန်ရင်ဆိုင်နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *